မှတ်မိချင်လား၊ အော်ဖတ်ပါ


အကြောင်းအရာ တစ်ခုခုကို စွဲစွဲမြဲမြဲ မှတ်မိလိုပါက တစ်ယောက်တည်း အော်ဖတ်ခြင်း၊ ဘေးလူ တစ်ယောက်ယောက်ကို လှမ်းပြောပြခြင်းမျိုး လုပ်ပါဟု လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။

          တစ်ယောက်တည်း စကားပြောသူမျိုးသည် ဘေးလူများအဖို့ မြင်ရတာ ရယ်စရာ ကောင်းနေသော်လည်း ထိုသူမျိုးသည် အကြောင်းအရာများ မှတ်မိနိုင်စွမ်းတွင်မူ နှုတ်ဆိတ် နေသူများထက် ပိုအားသာကြောင်း စစ်တမ်းက ဆိုသည်။ အော်ဖတ်ခြင်းသည် စာမေးပွဲဖြေမည့် ကျောင်းသူ/ကျောင်းသားများမှ အစ တစ်ခုခုကို မှတ်သားထားလိုသော ပုံမှန်လူများအထိပါ ကောင်းကျိုး ပေးနိုင်သည်ဟု လေ့လာမှု စစ်တမ်းက ဆိုသည်။

          ကနေဒါနိုင်ငံ မွန်ထရီအဲ တက္ကသိုလ် သုတေသန အဖွဲ့က တက္ကသိုလ် ကျောင်းသား (၄၄) ယောက်ကို ကွန်ပျူတာ ဖန်သားပြင်ပေါ်က စာလုံးများ ဖတ်ခိုင်းပြီး စမ်းသပ်ထားခြင်း ဖြစ်သည်။ စာလုံးများကို ပုံစံလေးမျိုးဖြင့် ဖတ်ခိုင်းသည်။ စိတ်ထဲက ဖတ်ခြင်း၊ နှုတ်ခမ်းတရွရွ လှုပ်ဖတ်ခြင်း၊ တစ်ကိုယ်တော် အသံထွက်ဖတ်ခြင်း၊ အခြားသူများကိုပါ လှမ်းဖတ်ပြခြင်းဟူ၍ ဖြစ်သည်။

          လေးမျိုးရလဒ်များကို နှိုင်းယှဉ်ကြည့်သည့်အခါ သူများကိုပါ လှမ်းအော်ပြော ဖတ်ပြသူများသည် အများဆုံး မှတ်မိကြကြောင်း တွေ့ခဲ့ရသည်။ လေ့လာမှု စစ်တမ်း အပြည့်အစုံကို Consciousness and Cognition ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

          အော်ဖတ်ခြင်း၊ အခြားသူများကို အသံထွက်ပြီး ပြောပြခြင်းသည် ပိုမှတ်မိစေမည့် နည်းလမ်းများ အနက် တစ်ခုသာ ရှိသေးသည်။ အခြားသော လေ့လာမှုများအရ လက်ဟန်ခြေဟန်ဖြင့်ပါ ပြောဆိုရေရွတ်ခြင်း၊ ပီကေ၀ါးခြင်း၊ ရေသောက်ခြင်း၊ မှတ်သားလိုသည့် အကြောင်းအရာများကို ရုပ်ပုံများနှင့် တွဲမှတ်ခြင်း တို့သည်လည်း ထိရောက်သော နည်းလမ်းကောင်းများ ဖြစ်သည်။
Credit:Messenger

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.