ဒေါသကြီးလေ အသက်တိုလေ

 နောက်တစ်ခါ ကားလမ်းပိတ်နေတာမျိုး၊ အင်တာနက် နှေးနေတာမျိုးကြောင့် ဒေါသထွက်မည်ကြံလျှင် ၀င်သက် ထွက်သက်လေးမှတ်ပြီး စိတ်အေးအောင်နေကာ ဒေါသလျှော့ပါဟု အကြံပြုလိုသည်။ အကြောင်းမူကား ဒေါသကြီးလေ အသက်တိုလေဟု လေ့လာမှု စစ်တမ်းတစ်ရပ်က တွေ့ရှိထားသောကြောင့် ဖြစ်သည်။

အသက် (၃၅) နှစ်ဝန်းကျင်မှာ တစ်ခုခုဆို ၀ုန်းခနဲဒိုင်းခနဲ ဒေါသပေါက်ကွဲလေ့ ရှိသည်ဟု ဆိုသူများသည်။ ဒေါသနည်းသူများနှင့် ယှဉ်ပါက အသက် (၇၀) ၀န်းကျင် ရောက်သည့်အခါ သေဆုံးမှု ပိုများနေကြကြောင်း တွေ့ခဲ့ရသည်။ ဒေါသအိုးများထဲတွင်မှ ထိပ်ဆုံးဒေါသအိုး (၂၅) ရာခိုင်နှုန်းသည် ဒေါသနည်းသူများနှင့် ယှဉ်လျှင် သေဆုံးနိုင်ခြေ (၁ ဒသမ ၅၇) ဆ ပိုများကြောင်း လေ့လာတွေ့ရှိထားသည်။ လေ့လာသုတေသနကို အမေရိကန်နိုင်ငံ အိုင်ယာဝါ တက္ကသိုလ်မှ သုတေသီများက ပြုလုပ်ထားခြင်း ဖြစ်သည်။

ဝင်ငွေအနည်းအများ၊ အိမ်ထောင်ရေး၊ ဆေးလိပ်၊ အရက်စသည့် အချက်များကိုပါ ထည့်သွင်း တွက်ချက်ကြည့်သည့်တိုင် ဒေါသအိုးများ အသေစောနိုင်သည့် အဖြေကား မပြောင်းလဲကြောင်း တွေ့ရသည်။

ယခုစစ်တမ်းသည်
ဒေါသကြီးသူများ အသေစောရသည့် အကြောင်းရင်းခံကို လိုက်လံ လေ့လာထားခြင်း မရှိသော်လည်း ပြီးခဲ့သည့် စစ်တမ်းပေါင်းများစွာက ဒေါသကြီးသူ ကိုယ်တွင်း၌ အဖျက်သဘောဆောင် ဓာတ်ပြုမှု ပိုများကြောင်း ထောက်ပြထားကြပြီး ဖြစ်သည်။ ဒေါသအိုးများ၏ သွေးကြောများအတွင်း အဆိပ်အတောက်ဓာတ်များ အနည်ထိုင်မှု ပိုများကြောင်း လေ့လာမှု စစ်တမ်းများက အတည်ပြုထားပြီး ဖြစ်သည်။ သွေးကြောများ အနည်ထိုင်ကာ ပိတ်ဆို့ခြင်းသည် နှလုံးရောဂါ ဖြစ်ပွားစေကာ စောစောသေရစေမည့် လမ်းစဖြစ်ကြောင်း စစ်တမ်းများက သတိပေးထားသည်။

ယခု စစ်တမ်းအတွက်ကား ၁၉၆၈ မှ ၂၀၀၇ ခုနှစ်အကြားတွင် အမေရိကန်နိုင်ငံသား ၁၃၀၇ ဦးကို လေ့လာ စောင့်ကြည့်ထားခြင်း ဖြစ်သည်။ စစ်တမ်းစကောက်စဉ်က ပါဝင်သူများသည် အသက် (၂၀) မှ (၄၀) ကြားများ ဖြစ်သည်။စစ်တမ်းရလဒ် အပြည့်အစုံကို Social Science & Medicine ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
Credit : messenger

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.