*******လေချွန်နတ်******

အခန်းလေးက ဆယ်ပေပတ်ပတ်လည် လောက်ရှိတယ်။ အခန်းထဲမှာ ခုံတစ်ခုံရှိတယ်။ ခုံပေါ်မှာ ဘိုးမင်းခေါင်အရုပ်နဲ့သူ့ရှေ့မှာ ကန်တော့ပွဲ သုံးပွဲ ထိုးထားတယ်။ အခန်းထဲမှာ မိန်းမကြီးနှစ်ယောက်ရယ် ကျွန်တော်တို့ မိသားစုလေးယောက်ရယ် ဆရာဆိုတဲ့ လူကြီးတစ်ယောက်ရယ်ပဲ ရှိတယ်။ တခြားဘာပစ္စည်းမှ မရှိဘူး။ အခန်းက ပြတင်းပေါက်တွေ ဖွင့်ထားပေမယ့် ထူးထူးခြားခြားမှောင်နေတယ်။ လိုက်ကာစတွေကြောင့်တော့ ဟုတ်ဟန်မတူဘူး။ အားလုံးဟာ တိတ်ဆိတ်စွာနဲ့ ထိုင်နေကြတယ်။ တစ်စုံတစ်ခုကို စောင့်မျှော်နေသလိုမျိုး။ တစ်ယောက်နဲ့တစ်ယောက် ဘာစကား မှမပြောကြဘူး။ ကျွန်တော့်ရင်ထဲမှာ အနည်းငယ် ထိတ်လန့် လာတယ်။ ပထမဆုံးစကားစပြောတာက ဆရာဆိုတဲ့သူပဲ။ သူက အနည်းငယ် ရုပ်ရည်သန့်ပြန့်ပြီး ဥပဓိရုပ်ကောင်းတယ်။ ပြီးတော့ တည်တည် ငြိမ်ငြိမ်ရှိတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှုရှိပုံရတယ်။ သူစကား ပြောတာက ကျွန်တော်တို့ရှေ့က မိန်းမကြီးနှစ်ယောက်ကိုပဲ။

“ညည်းယောက်ျားနာမည် ဘယ်လိုခေါ်လဲ”
“ဦးတင့်လွင့်ပါ”

မိန်းမကြီးနှစ်ယောက်ထဲက အသက်အနည်းငယ်ပိုကြီးပုံရတဲ့ မိန်းမကြီးက အိနြေ္ဒရရ ပြန်ဖြေတယ်။

ခပ်ငယ်ငယ် မိန်းမကြီးက ခေါင်းကိုအောက်ငုံထားတယ်။ ဒါပေမယ့် သူနားထောင်နေတဲ့ ပုံပါပဲ။ ဆရာက မျက်လုံးကိုမှိတ်ပြီး သူ့အနားမှာ တစ်စုံတစ်ယောက် ရှိနေသလိုမျိုး စကားတွေပြောနေတယ်။ ပြီးတော့ ခေါင်းညိတ်လိုက် ခေါင်းခါ လိုက်လုပ်နေပြန်တယ်။ လူခုနှစ်ယောက်ပဲ ရှိတဲ့ အခန်းထဲမှာ တခြားတစ်ယောက်ရှိနေသလိုမျိုး ဆရာကပြုမှုနေတယ်။ အားလုံးက စိတ်ဝင် တစားနဲ့ စောင့်ကြည့်နေကြတယ်။ ပြတင်းပေါက်က လိုက်ကာစတွေ ဝေ့သွားအောင် လေက အေးခနဲတိုက်လိုက်တယ်။ ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးတွေ ဖျင်းဖျင်းထသွားတယ်။ ကျွန်တော် အမေ့နားကို ပိုပြီးတိုးကပ်လိုက်မိတယ်။ အဲ့ဒီအချိန် ဆရာက နောက်ဆုံးတစ် ချက် ခေါင်းညိတ်ပြီး မိန်းမကြီးနှစ်ယောက်ဘက်ကို လှည့်လိုက်တယ်။

“ညည်းတို့ နှစ်ယောက်က တင်တင်ခိုင် နဲ့ သွယ်သွယ်စိုး လို့ပြောတယ်”

မိန်းမကြီးနှစ်ယောက်လုံး အံ့သြ၀မ်းသာသွားပြီး ဟုတ်ပါတယ် လို့ အလျင် အမြန်ဖြေကြတယ်။ ဆရာက ဆက်ပြောတယ်။

“ သူက အချိန်သိပ်မရဘူးလို့ပြောတယ်။ သွားစရာရှိသေးတယ်လို့ ပြောတယ် ”

“ ဆရာ..သူ ကျွန်မတို့ကို ဘာပြောသွားသေးလဲ.ဆရာ”

ဒီတစ်ခါဝင်မေးတာက အသက်ငယ်ငယ်နဲ့ သွယ်သွယ်စိုးဆိုတဲ့ မိန်းမကြီးပဲ။ သူ့အသံတွေက ၀မ်းနည်းလွန်းလို့ တုန်နေပုံရတယ်။ ဆရာက သက်ပြင်း တစ်ချက်ချလိုက်တယ်။

“တင်တင်ခိုင့်ကိုတော့ သူဘဏ်မှာ အပ်ထားတဲ့ ပိုက်ဆံတွေနဲ့ သူ့ဟမ်းချိန်း လေးကို ရောင်းပြီး သူ့အတွက် ကောင်းမှုကုသိုလ်ပြုပေးပါတဲ့ ။ သူ့သား အငယ်ကောင်ကိုလည်း ရှင်ပြုပေးပါတဲ့..”

“ဟုတ်ကဲ့ပါ..ဆရာ” လို့ပြောရင်း တင်တင်ခိုင်ဆိုတဲ့ မိန်းမကြီးက မျက်ရည်တွေ ၀ဲနေတယ်။ ငိုချင်တာကို ထိန်းထားပုံရတယ်။

“ ဆရာ ကျွန်မကိုရော ဘာမှာသွားသေးလဲဟင်”

သွယ်သွယ်စိုးတဲ့ မိန်းမကြီးက သိချင်ဇောနဲ့ မေးလိုက်တယ်။ ဆရာက ခပ်လေးလေးကြည့်ပြီး ပြောတယ်။

“ညည်းကိုတော့ အများကြီး မပြောသွားဘူး။ တစ်ခုပဲပြောသွားတယ်”

ဆရာက စကားကို ခဏရပ်ထားပြီး သွယ်သွယ်စိုးကို ကြည့်လိုက်တယ်။ ပြီးမှ ခပ်ဖြည်းဖြည်းပြောတယ်။

“သူ့ကို ခွင့်လွှတ်ပါတဲ့ ”

သွယ်သွယ်စိုးရဲ့ ဟီးခနဲ ငိုသံက တင်တင်ခိုင်ရဲ့ အင့်ခနဲ့ ရှိုက်သံကို ဖုံးသွား တယ်။ သွယ်သွယ်စိုးက တစ်ကိုယ်လုံး သိမ့်သိမ့်ခါနေအောင် ငိုနေတယ်။ သူ့ပါးစပ်ကလည်း နင့်နင့်နဲနဲပြောနေရှာတယ်။

“ခွင့်လွှတ်ပါတယ်...ကိုကြီးရယ်..ခွင့်လွှတ်ပါတယ်.. သွယ်သွယ် ကိုကြီးရဲ့ အငယ်အနှောင်းဘ၀နဲ့ နေခဲ့ရလည်း ကျေနပ်ပါတယ်။ ဘယ်ဘ၀ကို ရောက် ရောက် ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံပါရစေနဲ့လို့ ဆုတောင်း ပါတယ်..ကိုကြီးရယ် ဆုတောင်းပါတယ်..”

တင်တင်ခိုင်က သွယ်သွယ်စိုးရဲ့ ပုခုံးကိုကိုင်ပြီး နှစ်သိမ့်ပေးနေရှာတယ်။ သူလည်း မငိုပေမယ့် မျက်ရည်တွေကျနေတာကိုတော့ မထိန်းသိမ်းနိုင်ရှာဘူး။ ဆရာက စိတ်မကောင်းကြီးစွာနဲ့ ပြောတယ်။

“အဲ့လောက်မငိုနဲ့လေ သူမြင်သွားပြီး စိတ်မကောင်းဖြစ်နေဦးမယ် ထိန်းမှ ပေါ့ကွယ် ”

ဒါပေမယ့် ဆရာရဲ့ လေသံက အတော်ပျော့နေတာအမှန်ပဲ။ သူလည်း ၀မ်းနည်း နေပုံရတယ်။ မြင်ရတဲ့ ကျွန်တော်တို့ မိသားစုတောင်မှ ဘာမှန်း မသိပေမယ့် ရင်ထဲမှာ ဆို့နေမိတယ်။ အတော်လေး ငိုလို့အားရတော့မှာ ပြန်သွားကြတယ်။

ဒုတိယမြောက်က ကျွန်တော်တို့ မိသားစုအလှည့်ပေါ့။ အမေက ရှေ့ကို နည်းနည်းတိုးလိုက်တယ်။ ကျွန်တော်လည်း လိုက်တိုးလိုက်တယ်။ အကိုကြီး နဲ့ အမက နေရာမရွေ့ဘူး။ အခုထိ ဒါဟာ ဘာလုပ်နေမှန်း ကျွန်တော် မသိသေးဘူး။ အဲ့အတွက် သိချင်စိတ်တွေ ပြင်းပြလာတယ်။ ဆရာက ခုနက ကိစ္စအတွက် စိတ်ပြေသေးပုံမပေါ်ဘူး။ ဒါပေမယ့် ထုံးစံအတိုင်းပဲ အမေ့ကို မေးတယ်။

“ ညည်းယောကျာ်းနာမည် ဘယ်လိုခေါ်လဲ”

“ဦးမြင့်ငွေပါ ဆရာ”

အမေကတော့ တည်တည်ငြိမ်ငြိမ်ပဲ။ အကိုကြီးလည်း တည်တည်ပဲ။ သူက သိပ်ယုံကြည်ပုံမရဘူး။ သူက စစ်သားကို။ အမကြီးကတော့ နည်းနည်းစိတ်လှုပ်ရှားနေပုံ ရတယ်။ ကျွန်တော်လည်း စိတ်လှုပ်ရှားနေတယ်။
ဆရာက ခုနက အတိုင်းပဲ ဘာမှမရှိတဲ့ အမှောင်ထဲကို တစ်စုံတစ်ယောက်ရှိ နေသလိုမျိုး မျက်လုံးမှိတ်ပြီး တွတ်တွတ်ပြောနေတယ်။ ပြီးမှ အမေ့ကို လှည့်ပြောတယ်။

“ညည်းတို့ကို သူမသိဘူးတဲ့ ”

အမေ အံ့သြသွားတယ်။ ပြီးမှ တစ်ခုခုကို သတိရသွားပြီး ဆရာ့ကို ပြန်မေးတယ်။

“ဘာလူမျိုးလဲလို့ မေးပေးပါ”

ဆရာက အမှောင်ထဲကို လှမ်းမေးလိုက်တယ်။

“တရုတ်လူမျိုးတဲ့ ”

“တရုတ်ဆိုမဟုတ်ဘူးဆရာ...သူက ကရင်ပါ”

ဆရာက လှမ်းပြောပြန်တယ်။ ခဏကြာတော့ အမေ့ဘက်ကို လှည့်လာတယ်။

“ညည်းက မသန်းမော် လို့ပြောတယ်။ သူ့မိန်းမတဲ့ ”

“ဟုတ်ပါတယ် ဆရာ ”

အမေ၀မ်းသာအားရ ဖြစ်သွားတယ်။ ဆရာက ဆက်ပြောတယ်။

“သူ့သမီးကြီးကို စိတ်မချဖူးတဲ့။ အစစအရာရာ စောင့်ရှောက်ပါလို့ ပြောနေတယ်”

အမကြီးက မျက်ရည်တွေစီးကျလာတယ်။ အမကြီးမှာ ကလေးလေးယောက် ရှိတယ်။ သူ့ယောက်ျားက မယားငယ်ယူလို့ ကွာရှင်းထားကြတယ်။ ဒုက္ခရောက်နေတာပေါ့။ ဒါကို အဖေက သူ့သမီးမျက်နှာငယ်မှာကို စိတ်မချဘူးဖြစ်နေတယ်။ အမကြီးက ငိုနေရင်းက ပြောတယ်။

“အဖေ့ကို စိတ်ချပါလို့ ပြောပေးပါဆရာ”

ဆရာက ခေါင်းငြိတ်ပြီးဆက်ပြောတယ်။

“ သူ့သားကြီးကိုလည်း အသက်အန္တရာယ် ဂရုစိုက်ပါတဲ့။ အရက်တွေ အရမ်းမသောက်ပါနဲ့တဲ့”

ဆရာရဲ့ စကားအဆုံးမှာတော့ အကိုကြီးရဲ့ မျက်နှာဟာ တည်နေရာကနေ မျက်ရည်တွေဝဲလာတယ်။ ပြီးမှ ဟုတ်ကဲ့ လို့ ခေါင်းငြိတ်တယ်။ အဖေက တစ်ခုခုကို သိနေတဲ့ပုံပဲ။ အဲ့ဒါကို အကိုကြီးလည်း သိနေပုံရတယ်။

“ သူ့စကားပြောတာ သိပ်မပီဘူး။ လျှာလေဖြတ်သွားတယ်လို့ပြောတယ်။ သူအခုပြန်တော့မယ်တဲ့ ညည်းတို့ဘာမေးဦးမလဲ ”

အမေက ပြာပြာသလဲ ဖြစ်သွားတယ်။

“ သူဘယ်ရောက်နေတယ်ဆိုတာကို မေးပေးပါဆရာ ”

ဆရာက ခုနကအတိုင်းပဲ စကားပြောနေတယ်။ ခေါင်းငြိတ်လိုက် ခေါင်းခါ လိုက်နဲ့ ဆရာကြည့်ရတာ နှစ်ခါပြန်မေးနေပုံရတယ်။

“ သူအခု ဘားမဲ့ဆရာတော်ဆီမှာ ရောက်နေတယ်တဲ့ သူ့အတွက် ဘာမှ စိတ်မပူနဲ့တဲ့ ”

အဖေက ဘုရားတရား လုပ်တယ်။ဘားမဲ့ဆရာတော် ပုံရှေ့မှာ ပုတီးတွေ အရမ်းစိပ်တာတွေ့တယ်။ မသေခင် တစ်ရက်နှစ်ရက်လောက် သူ့အမျိုးတွေ အကုန်လုံးကို လိုက်နူတ်ဆက်နေသေးတယ်။ အမေက သက်ပြင်းလေးချရင်း ပြတင်းပေါက်ကို ငေးနေတယ်။ ကျွန်တော်လည်း အဖေဘယ်မှရှိမလဲလို့ လိုက်ရှာတယ်။ မတွေ့ဘူး။ ကျွန်တော့်စိတ်ထဲမှာ ဒါဟာ သေသွားတဲ့လူနဲ့ ဒီကလူတွေကို ဆက်သွယ်ပေးတာလို့ သိလာတယ်။ ဒါပေမယ့် ကျွန်တော်မယုံဘူး။ အဖေက ကျွန်တော်အတွက်ကျတော့ ဘာမှ မမှာသွားဘူးလေ။ အဲ့ဒီအတွက် ကျွန်တော်စိတ်ထဲမှာ ကျိတ်ပြီး ပြောလိုက်တယ်။ အဖေ..အဖေသာ ဒီအခန်းထဲမှာ တကယ်ရှိရင် ကျွန်တော့်ကို တစ်ခုခုလုပ်ပြပါလို့ ပြောလိုက်တယ်။ အားလုံးပြီးသွားတော့ အမေလည်း ဆရာ့ကို ပိုက်ဆံကန်တော့ပြီး ပြန်ဖို့လုပ်ကြတယ်။ အကိုကြီးနဲ့ အမကြီးက အရင်ထွက်သွားတယ်။ အမေက ဆရာ့ကို နူတ်ဆက်နေတယ်။ ပြီးမှ နောက်ဆုံးက ထွက်တယ်။ ကျွန်တော်လည်း အမေ့နောက်က လိုက်ထွက်လိုက်တယ်။

အဲ့ဒီအချိန် ကျွန်တော်ဂုတ်ကို တစ်စုံတစ်ယောက် ဖျစ်ညှစ်လိုက်သလို ဖျစ်ခနဲဖြစ်သွားတယ်။ ကျွန်တော် လန့်ပြီး အမေ့လက်ကို အတင်းဆုပ်လိုက်တယ်။ ကြက်သီးမွှေးညင်းတွေလည်း တစ်ကိုယ်လုံးထလာတယ်။ ရှေ့ကိုလည်း ခပ်သွက်သွက်လျှောက်လိုက်တယ်။ ကြောက်လည်းကြောက်လာတယ်။ ကျွန်တော်မငိုမိအောင် မနည်းစိတ်ထိန်းရင်း အမေ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအပြုအမှုဟာ အဖေ အသက်ရှင်နေစဉ်တုန်းက ကျွန်တော့်ကို မကြာခဏ ကျီစားတဲ့ အပြုအမှု့ ဖြစ်နေလို့ပါပဲ။

(အထက်ပါ လေချွန်နတ်ကို ဟိုအရင်ကတော့ သာကေတ ဝေဇယန္တာမှတ်တိုင် တွင်သွားရောက်မေးမြန်းရပါသည်။ ယခုအခါ မရှိတော့ဟုသိရပါသည်။
ထို့သို့ တမလွန်ဘ၀နှင့် ဆယ်သွယ်ပေးသော သူများ အများအပြား ရှိသည် ဟုလည်း ကြားသိရပါသည်။)

ဇာတ်လမ်းရေးသားပေးပို့ သော မန်ဘာ ကို Ro Lex ကို အက်ဒမင်များမှ
အထူးကျေးဇူးတင်ရှိပါသည်....။

Post By:မိုးတိမ် ပုံပြင်

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.