ထူးဆန်းသော သစ်စိမ်းတစ်ရွက်
၁၉၀၇ ခုနှစ် အင်ထရင်း  အတန်းတွင် အတူတကွ ပညာသင်ဖူးသော သူငယ်ချင်းများအနက် ကိုအုန်းခင်မှာ စကားအနည်းဆုံး၊ စာအကျက်ဆုံးဖြစ်၍ အားလပ်သောအချိန်များတွင် စုရုံးကာ စကားပြောကြသောဝိုင်းထဲ၌ ဘယ်ခါမျှမပါဘဲ သစ်ပင်ရိပ်တွင် စာတစ်အုပ်နှင့်ဖြစ်စေ၊ေ မြေကြီးကိုတုတ်ဖြင့် ရေးခြစ်လျက်ဖြစ်စေ၊ တစ်ယောက်တည်းနေလေ့ရှိ၏။ ကျောင်းမှထွက်၍ ကသာမြို့ ၌ တစ်ကြိမ်တွေ့ ဆုံမိကြသောအခါ ကိုအုန်းခင်မှာ ဒေါက်တာစာမေးပွဲအောင်ခဲ့၍ အစိုးရဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ်နှင့် အမှုထမ်းလျက်ရှိကြောင်း သိရ၏။ ထိုအခါမှစ၍ ကျွန်ုပ်နှင့် ကိုအုန်းခင်တို့ မှာ ခင်မင်ရင်းနှီးသော မိတ်ဆွေအဖြစ်သို့ ရောက်သွားကြ၍ တစ်ယောက်နှင့်တစ်ယောက် စာပေးစာယူ ပြုလုပ်ကာ အရေးကြီးသောကိစ္စနှင့် အကြံအစည်များကို တိုင်ပင်လေ့ရှိကြ၏။ များမကြာမီ
ဒေါက်တာအုန်းခင်သည် အစိုးရအလုပ်မှထွက်၍ ဆေးဆိုင်ဖွင့်ပြီးလျှင် အရပ်ဆရာဝန်အဖြစ်နှင့် လူနာများ လက်ခံကုသခဲ့ရာ စိတ္တဇရောဂါနှင့် ပတ်သက်သော လူနာများကုသခြင်းအလုပ်တွင် အလွန်နာမည်ကောင်းခဲ့သဖြင့် ကသာမြို့ သာမက တနိုင်ငံလုံးရှိ ဆရာဝန်များကပင် သူ၏ပညာစွမ်းကို ၀န်ခံကြသည်ဖြစ်၍ စိတ်နှင့်ပတ်သက်သော ရောဂါသည်များကို သူ့ ထံသို့ ညွှန်တတ်ကြလေသည်။
ဒေါက်တာအုန်းခင်မှာ လွန်ခဲ့သော စစ်ကြီးအတွင်း၌ ကသာမြို့ ကို ဂျပန်တို့ ဗုံးကြဲချစဉ်က ဗုံးဆန်ထိမှန်သေဆုံးခဲ့ရာ သူ၏ဇနီးဒေါ်သန်းရင်သည် ဒေါက်တာနှင့် ကျွန်ုပ်တို့ ခင်မင်ရင်းနှီးသည့်အဖြစ်ကို သိရှိသည်ဖြစ်ရာ စိတ်ပညာနှင့်ပတ်သက်၍ ကျွန်ုပ်၏ ၀ါသနာကိုလည်း ရိပ်မိသည်နှင့် ဒေါက်တာအုန်းခင်၏ မှတ်တမ်းမှတ်စုများကို ကျွန်ုပ်ထံသို့ ပေးပို့ လိုက်လေသည်။ ကျွန်ုပ်သည် သွားလေသူ မိတ်ဆွေဒေါက်တာ၏ လက်ရေးဖြင့်ရေးသားထားသော မှတ်တမ်းများကို အားလပ်သည့်အခါတိုင်း အပျင်းပြေဖတ်ရှုမိလေရာ ထိုမှတ်တမ်းတို့ မှာ စိတ္တဇရောဂါစွဲကပ်သော လူနာများအကြောင်းဖြစ်၍ စိတ်အကြောင်းကို လိုက်စားလာခဲ့သော ကျွန်ုပ်အဖို့ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ထိုမှတ်တမ်းမျိုးအနက် အောက်ပါ အဖြစ်အပျက်မှာ စိတ်ပညာသမားများသာမက သာမာန်စာဖတ်ပရိသတ်တို့ အတွက်လည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်ဖြစ်၍ ၀တ္ထုသွားအနေဖြင့် ရေးကူးဖော်ပြလိုက်ရပေသည်။
ဒေါက်တာအုန်းခင်၏မှတ်တမ်း
ဘုန်းကြီးလူထွက် ဦးကေတုမှာ ကသာမြို့ အနီးရှိ ဇရစ်ချောင်ရွာကလေးတွင် ထင်ရှားသော မြေပိုင်ရှင်တစ်ယောက်ဖြစ်၏။ ရဟန်းဘ၀၌ ဦးကေတုသည် ပထမကြီးအောင် တရားဟောကောင်းပုဂ္ဂိုလ်တစ်ဦးဖြစ်၍ မြေပိုင်ရှင် မုဆိုးမဒေါ်ဖွားရင်နှင့် အကြောင်းဆုံစည်းသည်တွင် ရဟန်းဘ၀မှ ထွက်ခဲ့သော်လည်း လူမည်မခေါ်ဘဲ ရဟန်းဘွဲ့ ကအတိုင်း ဦးကေတုဟူ၍ပင် ရပ်ရွာက ခေါ်ဝေါ်လျှက်ရှိကြ၏။ အသက်လေးဆယ်ကျော်၊ နှာတံပေါ်ပေါ်နှင့် ရုပ်ရည်သန့် ပြန့် သူတစ်ယောက်ဖြစ်သည့်ပြင် ရဟန်းဘ၀၌ စာတတ်၍ တရားဟောကောင်းခဲ့သော အရှိန်အစော်ကြောင့် ကသာမြို့ ပေါ်တွင် အစိုးရအရာရှိများမှစ၍ အထက်တန်းစားပုဂ္ဂိုလ်များနှင့် အကျွမ်းတ၀င် ရှိလေသည်။ ဒေါ်ဖွားရင်မှာ ဦးကေတုနှင့် အကြောင်းပါပြီးသည့်နောက် တစ်နှစ်မကြာမီ အနိစ္စရောက်ခဲ့ရာ သူ၏ပထမယောင်္ကျား ဦးဘပွားကုတ်ကတ်သမျှ ဒေါ်ဖွားရင်ဖို့ ဟူ၍၎င်း။ ဒေါ်ဖွားရင်ချွေတာသမျှ ဦးကေတုဖို့ ဟူ၍၎င်း။ ရပ်ရွာကပြက်ရယ်ပြု ပြောဆိုတတ်ကြလေ၏။
ဦးကေတုသည် ဒေါ်ဖွားရင် သေဆုံးသည့်နောက် အိမ်ထောင်မပြုဘဲ မုဆိုးဖိုအဖြစ်နှင့် တူနှင့်တူမကလေးများကို ခေါ်ယူကာ အတူတကွ နေထိုင်လျက်ရှိရာ ကျွန်ုပ်သည် ၀န်ထောက်ဦးချစ်စု၏ နေအိမ်တွင် သူနှင့်မကြာခဏ တွေ့ ဆုံမိကြလေသည်။ အင်္ဂလိပ်စာတတ်တစ်ယောက် မဟုတ်သဖြင့် အနောက်တိုင်းမှ လောကဓာတ်ပညာအကြောင်းကို နားမလည်သော်လည်း အချို့ သောဘုန်းကြီးလူထွက်များကဲ့သို့ မြင်းမိုရ်တောင်မတွေ့ သမျှ ကမ္ဘာမဟုတ်နိုင်ဟူ၍ မငြင်းဘဲ မှတ်သားဖွယ်ရှိသမျှကို မြန်မာစာပေများနှင့် ညှိနှိုင်းကာ နာယူတတ်လေသည်။
အဘိဓမ္မာနှင့် ပတ်သက်သော အကြောင်းအရာများတွင် ကျွန်ုပ်တို့ က ရှေ့ မသန်းဝန့် သည့်နည်းတူ ဦးကေတုကလဲ လောကဓာတ်ပညာနှင့် ဆိုင်ရာဗဟုသုတများတွင် ငြင်းလုံးမထုတ်ဘဲ မှတ်လေ့ရှိသဖြင့် ကျွန်ုပ်တို့ လူစုနှင့် အလွန်အစပ်တည့်လျှက်ရှိ၏။ ဦးကေတုသည် အချို့ သောဘုန်းကြီးလူထွက်များကဲ့သို့ လေးကျွန်းတစ်မြင်းမိုရ်ဟူသော စကားသည် ဘုရားမပွင့်မီကတည်းက ဟိန္ဒူတို့ အစဉ်အလာ ယူဆလာကြသဖြင့် ဘုရားဟောအစစ် မဟုတ်သည့်အဖြစ်ကို ဒုန်းမဝေးဘဲ မြန်မာပြည်၌ ညဉ့် သန်းခေါင်ဖြစ်လျှင် မွန်းတည့်သောတိုင်းပြည်၊ နေထွက်စတိုင်းပြည်၊ နေ၀င်စတိုင်းပြည်များ ရှိကြသည်ဟူသော အခြင်းအရာကို အလွန်သဘောကျ နားလည်ဟန်ရှိ၏။
အဘိဓမ္မာနှင့် ပတ်သက်သော မေးခွန်းများကို လူပြိန်းနားလည်အောင် ရှင်းလင်းစွာ ဖြေဆိုတတ်သဖြင့် ကျွန်ုပ်တို့ အရာရှိတစုအနက်တွင် အလွန်အသုံးဝင်သူ တစ်ယောက်ဖြစ်ပေရာ ဤသူ၌ ထူးခြားသော အမူအရာတခုမှာ ကျွန်ုပ်တို့ နှင့် အတူဝိုင်းဖွဲ့ ကာ စကားပြောနေကြသည့်အတွင်းမှပင် တခါတရံဖျတ်ခနဲဖြစ်သွား၍ ကြမ်းပေါ်သို့ အချိန်အတန်ကြာသည့်တိုင်အောင် စိုက်ငေးတွေဝေကာ ကြည့်နေတတ်ခြင်းပင် ဖြစ်သည်။ ဤအကြောင်းကို ကျွန်ုပ်တို့ အားလုံး သတိပြုမိကြသဖြင့် တခါတရံ ဦးကေတု မရှိခိုက်တွင် ထိုအကြောင်းကို ဆွေးနွေး၍ အမျိုးမျိုးတွေးတောကြဖူးသော်လည်း ဘယ်သူကမျှ ကျေနပ်လောက်သော အဖြေကို မပေးနိုင်ချေ။
တနေ့ သ၌ ကျွန်ုပ်သည် ၀န်ထောက် ဦးချစ်စု၏ နေအိမ်၌ ဦးကေတုနှင့် နှစ်ယောက်တည်း ဆုံမိကြရာတွင် အင်္ဂလိပ်မဂ္ဂဇင်းတစောင်၌ စိတ်အကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်ရေးသားဖူးသည်ဟု ကြားဖူးသဖြင့် အဘိဓမ္မာနှင့် ချိန်ထိုးကြည့်လိုပါသည်ဆို၍ ဘာသာပြန်ဆိုပေးရန် ဦးကေတုက တောင်းပန်လေသည်။
ကျွန်ုပ်မှာလည်း သင်္ဂြိုလ်ကို စိတ်ပိုင်းမျှသာ သင်ခဲ့ဖူး၍ သဘောမပေါက်သည်နှင့် ဦးကေတုက ချိန်ကိုက်လိုသည် ဆိုခြင်းကို သဘောကျလှသဖြင့် အားလပ်သောအချိန်တွင် ဘာသာပြန်ပြပါမည်ဟု ကတိထားခဲ့ဖူးလေသည်။
ထိုည၌ ကျွန်ုပ်သည် ထားခဲ့သောကတိကို သတိရသည်နှင့် မဂ္ဂဇင်းစာအုပ်ကို ယူ၍ အစမှအဆုံးတိုင် မြန်မာဘာသာသို့ ပြန်ဆိုရေးသားပြီးလျင် နောက်တနေ့ နံနက်စောစော လမ်းလျှောက်ရင်း ဇရစ်ချောင်ရွာဘက်သို့ လှည့်၍ ဦးကေတုနေအိမ်သို့ ဝင်လေ၏။ ဦးကေတုသည် ကော်ဖီနှင့်ဘီစကွတ်မုန့် များဖြင့် ဧည့်ခံကျွေးမွေးရင်း ကျွန်ုပ်၏ ဘာသာပြန်ဆိုချက်ကို ဖတ်၍ ကျေးဇူးတင်စကားပြောကြားပြီးနောက်--
တု။ ။နေရာကျလိုက်လေ ဒေါက်တာ၊ ဒီထဲမှာ ရေးထားတဲ့အေ ကြာင်းအရာတွေဟာ ကျုပ်အဖြစ်အပျက်နှင့် ကိုက်နေပါပြီကောဗျာ။ ဒီလိုဆိုရင် ကျုပ်ဒီအကြောင်းကို ခင်ဗျားဖွင့်ပြီး ပြောရအုံးတော့မှာဘဲ။
ထိုအခါ အထက်တွင် ဖော်ပြခဲ့သည့် ဦးကေတု၏ ထူးဆန်းသော အမူအရာအကြောင်းကို သတိရသဖြင့် ဆေးဖိုးဝါးခ ရမှုထက် ပညာဗဟုသုတတို့ ကို မျှော်လင့်သည်ဖြစ်၍ (ပြောသေးတာပေါ့ဗျာ) ဟုပြန်ပြောလိုက်၏။
တု။ ။သို့ သော် ကျုပ်အကြောင်းကို မပြောမီ တစ်ခုတော့ မှာထားပါရစေ။ ဒီအကြောင်းကို ဘယ်သူ့ မှ ခင်ဗျားမပြောလိုက်ပါနဲ့ နော်။
နုပ်။ ။ စိတ်ချပါ။
တု။  ။ ဇနီး မဖွားရင် ကွယ်လွန်တဲ့နောက်၊ ကျုပ်မှာ သူထားခဲ့တဲ့ လယ်မြေကလေးအပေါ်က လယ်ထောက်ခကလေးနဲ့ သုံးလောက် စွဲလောက်ရှိတော့ အငြိမ်းစား ဖြစ်နေတော့တာပေါ့ဗျာ၊ ဒါပေမဲ့ အလုပ်မရှိလို့ ပျင်းကလဲပျင်းတာနဲ့ တတ်တဲ့ပညာ မနေသာဆိုတာလို စာပြန်ပွဲဝင်တဲ့ ရဟန်းသာမဏေများ လွယ်ကူပါစေဆိုပြီး သူတို့ အတွက် ဋီကာတွေ ကျုပ်ရေးခဲ့တယ်။ မန္တလေးမြို့ ကကျုပ်ရဲ့ ရဟန်းဒကာကလဲ စာပုံနှိပ်တိုက် ပိုင်ရှင်ဖြစ်တော့ ကျုပ်ရေးတဲ့ ဋီကာတွေကို စာအုပ်ရိုက်ဖို့ တာဝန်ယူတယ်။ ဒီတော့ ကျုပ်က နေ့ ရောညရော စာရေးတဲ့အလုပ်နဲ့ ချည်း အချိန်ကုန်ခဲ့တာ သုံးနှစ်ကျော်ရှိသွားဘီ။ ဒီအတောအတွင်းမှာ ကျုပ်ရဲ့ ဝါသနာတစ်ခုက လက်ဖက်ရည်ကြမ်း သောက်ရင်း အလုပ်လုပ်တတ်လေတော့ ညတိုင်း နှစ်ကရား  သုံးကရား ကုန်ခဲ့တယ်။ တစ်နေ့ တော့ မိတ်ဆွေတစ်ယောက်က ကျုပ်ဝင်းထဲက လက်ဖက်ပင်ကို မြင်သွားရာမှာ လက်ဖက်ရည်သောက်ချင်းသောက်ရင် လက်ဖက်ရွက် အစိမ်းခပ်သောက်တာဟာ အင်မတန်ကောင်းတယ်လို့ ပြောသွားတယ်။ သူပြောတဲ့အတိုင်း ကျုပ်ကတနေ့ စမ်းသောက်ကြည့်တော့ သိပ်ကောင်းနေတာတွေ့ ရတာကိုးဗျ။
နုပ်။ ။ ဘယ်ပုံကောင်းတာလဲခင်ဗျာ၊ စိမ်းရွှေရွှေမနံဘူးလား။
တု။ ။ အစကတော့ နံသလိုလိုဘဲ။ သို့ သော် သူကောင်းပုံက အနံ့ အရသာမှာ ဒီလောက်မဟုတ်ဘူးဗျ။ စာရေးရာမှာ စိတ်ကူးသိပ်ပေါ်တာဘဲ။ နှစ်ခွက်လောက် သောက်ပြီးရေးလိုက်ရရင် ဘာမှမပြောနဲ့ တော့ ဒီ့ အရင်က စိတ်ကူးမရတဲ့ အကြံအစည်တွေ တသီတသန်းကြီး ပေါ်လာပြီး လက်ကနောက်က လိုက်သွားရုံဘဲဗျို့ ။ သူ့ ဘာသာသူ ရေးသွားတော့တာပဲ။
နုပ်။ ။ ဟုတ်ပါ့မလားခင်ဗျာ။ ကျွန်တော် မကြားဖူးပါဘူး။ သောက်တဲ့လူလဲ သောက်ကြပါရဲ့ ။
တု။ ။ သူများတော့ မဆိုနိုင်ဘူး၊ ကျုပ်တော့ဖြင့် သိပ်နေရာကျတာပဲဗျို့ ၊ ဥာဏ်ကို ကြည်လင်ပြီး အလိုလို ရွှင်နေတော့တာပဲ။
နုပ်။ ။ စသောက်တာ ဘယ်လောက်ကြာပြီလဲ။
တု။ ။ တစ်နှစ်ကျော် နှစ်နှစ်နီးပါး ရှိသွားပြီကော။ အထူးသဖြင့် တခုကောင်းတာက ဘာလဲဆိုတော့ သူ့ သောက်ပြီး စာရေးရင် အိပ်ချင်တယ်လို့ ဘယ်တော့်မှမရှိဘူး။ မိုးလင်းအထိ ထိုင်ရေးခြင် လဲဖြစ်တာပဲ။ တွေဝေခြင်း၊ ထိုင်းမှိုင်းခြင်း၊ ညောင်းညာခြင်းတောင် မရှိဘူးဗျ။ ဒါအသာထားပြီး ကျုပ်ပြောချင်တဲ့ အကြောင်းကို ပြောရအုန်းမယ်။ မနှစ် တန်ဆောင်မုန်းလပြည့်နေ့ ညက သရက်တောကျောင်းတိုက်ထဲမှာ ကျုပ်လိုခြင်တဲ့ စာတစ်အုပ်ကို သွားယူရင်း ဘုန်းကြီးနဲ့ စကားကောင်းနေလို့ တော်တော်ညဥ့်နက်သွားတယ်။ ၁၀နာရီကျော်လောက် ရှိတော့မှ ကျောင်းပေါ်က ဆင်းလာပြီး ဆိုက်ကားတစ်စီးတွေ့ တာနဲ့ အိမ်မြန်မြန်ရောက်ခြင် လို့ ခြေကျင်မလျှောက်ဘဲ ဆိုက်ကားနဲ့ ပြန်လာခဲ့တာကိုးဗျ။ ဒါနဲ့ ပိုလိုကွင်းကြီးထဲ ရောက်တော့ လကလည်း တိမ်ကလေးတွေ ဖုံးသွားလို့ မိုက်အသွားမှာ ဆိုက်ကားနံဘေး ကျုပ်မျက်နှာနဲ့ တဲ့တဲ့ဆယ်တောင်လောက်မှာ မီးပွင့်ကလေးနှစ်ပွင့် ဘွားကနဲပေါ်လာတယ်ဗျ။ ကျုပ်က ဘယ့်နှာပါလိမ့်မလဲလို့ စိုက်ကြည့်နေရင်း လမင်းက ၀င်းကနဲပေါ်လာရာမှာ ခုနင်က မီးကလေးနှစ်ပွင့်ဟာ တခြားမဟုတ်ဘူးဗျ။ မျောက်ကလေးတစ်ကောင်ရဲ့ မျက်လုံးနှစ်လုံး ဖြစ်နေတာကိုးဗျ။ မျောက်ကလေးက နက်လိုက်တာ မှောင်လို့ ။ သူက ဘာလုပ်သလဲဆိုတော့ ကျုပ်နဲ့ တဲ့တဲ့ ကြီးပြေးလိုက်လာပြီး မျက်နှာ ကျုပ်ဘက်လှည့်လို့ မျက်လုံးနှစ်လုံးက စေ့စေ့ပါအောင် စိုက်ကြည့်လိုက်နေတာကိုးဗျ။ ဒီတော့ ကျုပ်က ဆိုက်ကားသမားကို (ဟေ့မောင်ရင် ဟိုဟာ ဘာကောင်ကလေးလဲဟေ့) လို့ မေးလိုက်တယ်။ (ဘယ်မှာလဲဦးရဲ့ )့ ဆိုလို့ လက်ညှိုးထိုးပြတော့ သူကကြည့်ပြီး (ဘာကောင်မှ မရှိပါကလားဦးရဲ့ ) တဲ့။ ဒီတော့ ကျုပ်က ငါဘာဖြစ်ပါလိမ့်မလဲလို့ မျက်လုံးတွေ ဘာတွေပွတ့်ပြီး ကြည့်ပြန်တော့လဲ ဒီလိုဘဲ ကျုပ်ဘက်မျက်နှာလှည့်ပြီး ကျုပ်နဲ့ တဲ့တဲ့ကြီးပြေးလိုက်နေတဲ့ မျောက်နက်ကလေးကို မြင်ရပြန်တာပဲ။
နုပ်။ ။ ဒီအခါမှာ ကြက်သီးတွေ ဘာတွေ ထလာသေးသလား။
တု။ ။ ဘာကြက်သီးမှ မထဘူး။ ကြောက်လဲ မကြောက်သေးဘူး၊ သို့ သော် ကျုပ်က မြင်ရပြီး ဆိုက်ကားသမားက မမြင်ရဘူးဆိုတာတော့ နည်းနည်းအံ့သြ သွားတယ်၊ ဒီလိုနဲ့ ပိုလိုကွင်းအဆုံးရောက်လို့ ဆိုက်ကားရပ်ပြီး ပိုက်ဆံပေးနေတော့ မျောက်ကလေးကလဲ ကျုပ်နဲ့ ဆယ်တောင်ကျော်လောက်မှာ ရပ်ပြီးထိုင်စောင့်နေတယ်။ ဒီတခါတော့ နဲနဲတုန်လှုပ်လာပြီ။ သို့ သော် လူကြီးတန်မဲ့နဲ့ ကြောက်တတ်တယ်ဆိုတာ အထင်မခံခြင်တာနဲ့ဘာမှမပြောပဲ ဆိုက်ကားသမား လှည့်ပြန်သွားမှ ကျုပ်က ချုံတွေကြားက လမ်းကလေးအတိုင်း ဖြတ်ပြီး ဇရစ်ချောင်ဘက် လျှောက်လာခဲ့တာ မျောက်ကလေးက ကျုပ်နောက်ကကပ်ပြီး လိုက်လာခဲ့တယ်။ ဒီအခါကျတော့ ဆယ်တောင် မကွာတော့ဘူး၊ ကျုပ်နောက်က ကပ်လျက် လိုက်လာတော့တယ်။ ဒီတော့ကျုပ်က ရပ်တဲ့ပြီး ရုတ်တရက် နောက်လှည့်၊ လက်ကတုတ်ကောက်နဲ့ သူ့ မျက်လုံးနှစ်လုံးအကြားကို ချိန်ထိုးလိုက်တယ်။
နုပ်။ ။တော်တော်ရဲပေသားပဲ။
တု။ ။ ရဲလှတယ်တော့ မဟုတ်ဘူးဗျ။ ကြောက်အားလန့် အားနဲ့ လုပ်လိုက်မိတာပဲ။ ဒီတော့ ဘယ့်နှယ့်ဖြစ်သွားသလဲ သိလား။
နုပ်။ ။ ဆိုစမ်းပါဦးဗျာ။
တု။ ။ ကျုပ်ရဲ့  တုတ်ဖျားဟာ သူ့ မျက်လုံးကြားထဲကို တဲ့တဲ့ကြီး ၀င်သွားတယ်ဗျ။ သူတော့ ဘာမှမဖြစ်ဘူး။ ဒါနဲ့ကျုပ်က တုတ်မြှောက်ပြီး သူ့ ခေါင်းကို ရိုက်ပြန်တာပေါ့ဗျာ။ ဘာကိုမှ မရိုက်မိဘူးဗျ။ သူကတော့ နေရာကလဲ မရွေ့ ဘူး။ ကျုပ်ကို စေ့စေ့ကြည့်ပြီး ငုတ်တုတ်ကြီး ထိုင်နေတယ်။ ဒီတုန်းက ကျုပ်တော်တော်ကလေး လှမ်းသေးတယ်။ သို့ သော်လည်း စိတ်ကိုရဲဆေးတင်၊ ဂုဏ်တော်တွေရွတ်ပြီး ဆက်လျှောက်သွားရတော့တာပေါ့ဗျာ။
နုပ်။ ။ ရွတ်တော့ကော၊ ပျောက်မသွားဘူးလား။
တု။ ။ မပျောက်ပါဘူးဗျာ၊ လိုက်လျက် လိုက်လျက်ပါပဲ။ ဒါနဲ့ လူတစ်ယောက်တည်း လျှောက်သာတဲ့ ချုံကြားလမ်းကလေးက ထွက်လာလို့ လမ်းကျယ်ရောက်တော့ မျောက်က ကျုပ်နောက်ကမလိုက်တော့ပဲ ကျုပ်နံဘေးတဲ့တဲ့က ယှဉ်ပြီးလိုက်လာတယ်ဗျ။ တံတားပေါ်ရောက်ပြန်တော့လဲ သူက တံတားလက်ရမ်းပေါ်က တက်လျှောက်တယ်။ သူ့ မျက်နှာကတော့ ဘယ်ဘက်မှမလှည့်ဘူး၊ ကျုပ်ဘက်ချည်းလှည့်ပြီး ကျုပ်ကိုအမြဲစိုက်ကြည့် လိုက်တာပဲ။ ဒီအချိန်မှာ တရွာလုံးလိုလို အိပ်ကုန်ကြပြီ။ တစ်အိမ်တလေလောက်သာ မီးခွက်ကလေး မြင်ရတော့တယ်။ ရွာလမ်းပေါ်မှာဆိုတော့ လူတစ်ယောက်မှ မတွေ့ ရတော့ဘူး။ ဒါနဲ့ တံတားပေါ်က ဆင်းပြီး လမ်းပေါ်ရောက်တော့ သူ့ အကဲသိရအောင် အိမ်ဘက်ကို မလျှောက်ဘဲမြို့ ဘက်ကို ပြန်လျှောက်ကြည့်တယ်။ ဒီတော့လဲ သူကကျုပ်သွားရာ လိုက်တာပဲ။ သုတ်သုတ်လျှောက်လဲ သုတ်သုတ်လိုက်တယ်။ ဖြေးဖြေးလျှောက်လဲ ဖြေးဖြေးလိုက်တယ်။ နောက်ဆုံး အိမ်ရောက်လို့ ဝင်းတံခါးဖွင့်ပြီး ၀င်လာတော့ ၀င်းထဲရောက်အောင် လိုက်တာပဲဗျ။ အိမ်ပေါ်တက်လာတော့လဲ အိမ်ပေါ်ရောက်အောင် တက်လိုက်လာတော့တာပဲ။
နုပ်။ ။ ခက်လှချည်ကလားဗျာ၊ တစ္ဆေတို့  မှင်စာတို့ ဆိုရင်လဲ အိမ်ပေါ်ရောက်အောင် တက်မလိုက်နိုင်ဘူး ဆိုပါကလား။
တု။ ။ ဘာရယ်လို့ တော့ မပြောတတ်ဘူးဗျ၊ အိမ်ပေါ်ရောက်တော့ ကျုပ်က အကဲသိရအောင် တူကလေးဖိုးတေကို အခန်းထဲခေါ်ပြီး ကျုပ်ကကုလားထိုင်ပေါ်မှာ ထိုင်တော့ မျောက်က စားပွဲပေါ်မှာ တက်ထိုင်တယ်ဗျ၊ ဖိုးတေ၀င်လာလို့ ပျောက်မလားမှတ်တယ်၊ မပျောက်ရှာဘူးဗျ။ စားပွဲပေါ်မှာ ငုတ်တုတ်ကလေးထိုင် နေတော့်တယ်၊ ကျုပ်က (ဟဲ့ ဖိုးတေ စားပွဲပေါ်မှာ ဘာလဲဟဲ့) လို့ မေးလိုက်တော့် ဖိုးတေက (ဘာမှမရှိပါကလား ဦးလေး၊ စာအုပ်တွေပဲ) တဲ့။ ဒီတော့ သူ့ ဟာက ကျုပ်တစ်ယောက်တည်း မြင်ရတယ်၊ ဒီ့ပြင်လူ ဘယ်သူမှ မမြင်ရဘဲဟာကိုးဗျ။ ဆိုက်ကားသမားလေးကလဲ ဒါကြောင့် မမြင်ဘူးပြောတာပဲ။ ဒီတော့် ကျုပ်က ဘယ်လို စဉ်းစားသလဲဆိုရင် ဒီဟာ ဘာမှမဟုတ်ဘူး၊ တစ္ဆေလဲမဟုတ်ဘူး၊ မှင်စာလဲမဟုတ်ဘူး၊ ကျုပ်စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်တဲ့ရောဂါ တစ်မျိုးလို့ ပဲ အောက်မေ့မိတယ်။ အိပ်ပျက်လို့ သော်၎င်း၊ အစာမကြေလို့ သော်၎င်း၊ ဖြစ်တန်ရာရဲ့ လို့ စဉ်းစားမိတယ်။ သို့ သော် သူလုပ်ပုံတွေက ရှေ့ လျှောက်ပြီး သိပ်ထူးဆန်းတယ်ဗျာ။ ကျုပ်စိတ်ထဲမှာ ထင်တာသက်သက်တော့ မဟုတ်ပေဘူးထင်တယ်။
နုပ်။ ။နေပါဦးဗျ၊ ဒီတစ်ညတည်းဘဲ မဟုတ်ဖူးလား။
တု။ ။ ဘယ်က ဟုတ်လိမ့်မလဲဗျာ၊ ဒီတစ်ညတည်းဆိုရင်တော့ ကျုပ်က အရေးလုပ်ပြီး ပြောတောင်ပြောမနေဘူး၊ နေဦးဗျ၊ ကျုပ်ပြောဦးမယ်။ နားထောင်စမ်းပါဦး။
နုပ်။ ။ပြောစမ်းပါဦးဗျာ။
တု။ ။ ဒါနဲ့ အဲဒီညက အိပ်ရာထဲ ရုတ်တရက် မ၀င်သေးဘဲ အိမ်ရှေ့ ခန်းမှာ ထိုင်ပြီး ပရိတ်တွေရွတ်၊ စာတွေပြန်၊ ဂုဏ်တော်တွေ ပါဠိရောအနက်ပါရွတ်။ ဘယ့်နှယ့်မှ မရှိဘူးဗျ။ စားပွဲပေါ်မှာ ငုတ်တုတ်လေးထိုင်ပြီး ကျုပ်ကို စေ့စေ့ကြည့်နေတာဘဲ။ သူ့ မျက်လုံးတွေကတော့ နဲနဲမှေးသွားသလို ထင်ရရဲ့ ။ နို့ ပေမဲ့ အကြည့်ကတော့ မပျက်ဘူး။ မှေးမှေးလြဲ ကည့်လျက်ပဲ။ ပြူးပြူးလဲ ကြည့်လျက်ပဲ။ မျက်တောင်တောင် မခတ်ဖူးဗျ။ ဒါနဲ့ နာရီပြန်တစ်ချက်ထိုးတော့မှ အိပ်ရာခန်းထဲဝင်ပြီး အိပ်မယ်လုပ်တော့ ..လား..လား.ဗျာ..၊ ကောက်ကောက်ပါအောင် လိုက်လာပြီး ကျုပ်ခုတင်နံဘေးက စားပွဲကလေးပေါ်မှာ တက်ထိုင်ပါလေရောဗျာ။ ကျုပ်ကခြင်ထောင်ချ၊ မီးအိမ်ကိုငြိမ်းပြီး သူ့ လှမ်းကြည့်လိုက်တော့ ဒီလိုပဲ ငုတ်တုတ်ထိုင်ပြီး ကျုပ်ကိုကြည့်နေတာပဲ။ ဒီညက နှစ်ချက်တီးကျော်တော့မှ မှေးခနဲပျော်သွားပြီး လေးနာရီလောက်မှာ နိုးလာလို့ လှမ်းကြည့်လိုက်တော့ သူ့ နေရာကကို မရွေ့ ဘူးဗျ။ မေးကလေးထောက်ပြီး ကျုပ်ကိုကြည့်နေလျက်ပဲ။
နုပ်။ ။ ဇွဲကောင်းလိုက်ပါပေ့ဗျာ။
တု။ ။ အောင်မယ်၊ ဒါဘာဟုတ်သေးလဲ နားထောင်ဦး၊ ပြောဦးမယ်။ မနက်စောစောထ၊ တံမျက်စည်းတို့ ဘာတို့ လှည်း၊ ဘုရားကန်တော့၊ ဘာလုပ်လုပ် ကျုပ်အနားက မခွာဘူးဗျ။ ဒါထက် ပြောရအုန်းမယ်၊ သူ့ မျက်လုံးတွေ တဖြည်းဖြည်း ပြောင်းလဲလာတယ်ဗျ။ အစတုန်းကတော့ ကျုပ်ကို ရိုးရိုးတန်းတန်း စိုက်ကြည့်တာပဲ။ နောက်တဖြည်းဖြည်းတော့ ကျုပ်ကို အင်မတန်မုန်းတဲ့ဟန်၊ ရန်လိုတဲ့မျက်နှာထားမျိုးနဲ့ ကြည့်လာတယ်။ ဒီလိုနဲ့ ချည်းနေ့ မခွာညမခွာ ကျုပ်အနားမှာချည်း နေလိုက်တာ တစ်လတိတိပဲဗျာ။ ပြောခဲ့တဲ့အတိုင်း တန်ဆောင်မုန်းနေ့ ညဟာ.. နတ်တော်လပြည့်နေ့ ကျမှ ပျောက်သွားတော့တာပဲ။
နုပ်။ ။သြော်..ဒါပဲလား။
တု။ ။ ဘယ်ကလာ ဒါကမှာလဲဗျာ၊ နတ်တော်လပြည့်နေ့ ညက ပျောက်သွားပြီး လကွယ်နေ့ ညကျတော့ ပြန်ပေါ်လာပြန်ရောဗျာ။ ကျုပ်က တခါဖြင့် မောင်မင်းကြီးသားကလေး သွားပေပြီလို့ စိတ်ချရမလိုလို ဖြစ်နေတုန်း လကွယ်နေ့ ညက သူကြီးအိမ်မှာ လယ်စာချုပ်ကိစ္စကလေးရှိလို့ သွားစကားပြောပြီး ကိုးနာရီလောက် ပြန်လာတော့ မောင်မင်းကြီးသားကလေးက ၀င်းပေါက်နားက စောင့်နေလေတော့ဗျာ.. ကျုပ်နဲ့ အတူတူ အိမ်ပြန်လိုက်လာတော့တာပဲ။ အမှန်ပြောရမှာဖြင့် ဒုတိယအကြိမ် ပေါ်လာတော့ မလန့် လှဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တော်တော် စိုးရိမ်လာတယ်ဗျို့ ။ ရူးများရူးချင်လို့ လားလို့ အောက်မေ့မိတယ်။ ဒါနဲ့ အိမ်ရောက်လာလို့ အိပ်ရာထဲဝင်အိပ်တော့ မျောက်ကလေးဟာ ဒီတစ်ခေါက်မှာ အရင်တစ်ခေါက်ထက် ပိုဆိုးလာတယ်ဗျို့ ၊ အရင်တခါကတော့ သူ့ ဘာသာ ငြိမ်ငြိမ်လေးထိုင်ပြီး ကြည့်ရုံလောက်ပဲ။ ဒီတခါကျတော့ သူကြည့်ပုံမျက်နှာထားကလည်း သိပ်ဆိုးဝါးတာပဲ။ ကျုပ်ကိုစားတော့ ၀ါးတော့မလိုလို အင်မတန် မုန်းနေတဲ့မျက်နှာမျိုးပဲ။ တခါတခါမှာ အထူးသဖြင့် ညအချိန်မှာ စားပွဲကလေးပေါ် ထိုင်နေရာက လက်သီးလက်မောင်းတန်းလို့ သွားတွေဖြဲပြီး ကျုပ်မျက်နှာနားကပ်ပြီး တခွီးခွီးနဲ့ ခြောက်သေးတယ်။
နုပ်။ ။မီးထွန်းထားလို့ မြင်ရတာလားခင်ဗျာ။
တု။ ။ မီးမထွန်းဘူးဗျ၊ မှောင်လို့ ၊ နို့ ပေမဲ့ ဘယ်လိုပဲမှောင်မှောင် သူ့ ကိုကျုပ် မြင်နေရတာပဲ။ အခန်းထဲမှာရှိတဲ့ ဒီ့ ပြင်ပစ္စည်းတွေကို ကျှုပ်မမြင်ရပေမဲ့ သူ့ ပတ်ဝန်းကျင်မှာတော့ အရောင်ကလေး လင်းနေသလိုလိုဖြစ်ပြီး သူ့ ကိုတော့ ကောင်းကောင်းမြင်ရတယ်။ ဒီလိုနဲ့ ပြာသိုလတစ်လလုံး (တစ်လတိတိ) နေ့ ရောညည့်ပါ ကျုပ်ဆီမှာနေပြီး ပြာသိုလကွယ်နေ့ ကျတော့ ပျောက်သွားပြန်ရောဗျ။ ပျောက်ပုံကတော့ တော်တော်ထူးဆန်းတယ်။ တကတဲဗျာ၊ အံသွားကြီးကြိတ်လိုက်၊ သွားကြီးဖြဲလိုက်နဲ့ အင်မတန် စိတ်ဆိုးနေတဲ့ဟန်နဲ့  လက်သီးလက်မောင်းတန်းတဲ့ပြီး ရှေ့ တိုးနောက်ငင်နဲ့ ဆုတ်ချည်၊ တက်ချည်လုပ်နေလို့ ကျုပ်မှာ အော်တောင်အော်လိုက်မိတော့မလို ဖြစ်လာပြီးနောက်မှ နောက်ဆုံးတစ်ခါ မျက်နှာနားကပ်ပြီး လက်သီးနှစ်ဘက်ကိုဆုပ်၊ သွားကြီးကိုဖြဲပြ ပြီးမှ နောက်ဆုတ်နောက်ဆုတ်နဲ့ သွားပြီး ပြတင်းပေါက်က ခုန်ချလိုက်တာ ပျောက်သွားရောဗျ။
နုပ်။ ။ ဒီတခါတော့ ပြန်မလာတော့ဘူး ဆိုပါတော့။
တု။ ။ နားထောင်ဦးဗျ၊ မဟုတ်သေးဘူး၊ ပြာသိုလကွယ်နေ့ ညမှာ ပျောက်သွားလို့  ၁၅ရက်တိတိကြာ ပြီးတပို့ တွဲလပြည့်နေ့ ကျတော့ တစ်ခါပြန်ပေါ်လာရောဗျ။
နုပ်။ ။ အရင်တခါလည်း ၁၅ရက်ပဲမဟုတ်လား
တု။ ။ ဟုတ်တယ်၊ တစ်လတိတိနေပြီး ၁၅ရက်တိတိပျောက်ပျောက်သွားတာ နှစ်ကြိမ်ရှိပြီ။
နုပ်။ ။ပြန်ပေါ်လာတဲ့အခါများမှာ ဘာများ ထူးထူးခြားခြား ဖြစ်ပါသေးသလဲ။
တု။ ။ ထူးထူးခြားခြားရယ်လို့  မရှိလှပါဘူးဗျာ။ စာဖတ်ရာကနေပြီး မော့ကြည့်လိုက်တဲ့အခါမှာ စားပွဲပေါ် ရောက်နေတာမျိုးလဲ ကြုံဖူးရဲ့ ၊ ပြောခဲ့တဲ့အတိုင်း ခရီးသွားရာမှာ ဘွားကနဲပေါ်လာပြီး နောက်က လိုက်လာတာမျိုးလဲ ကြုံဖူးပါရဲ့ ၊ ဒါထက်ပြောရဦးမယ်၊ တတိယအကြိမ်ပေါ်လာတဲ့အခါမှာ တစ်မျိုးတိုးပြီး ဆိုးလာပြန်တယ်ဗျ။ ဟိုတုန်းကတော့ ခြောက်ရုံလှန့် ရုံလောက်ပဲ သူလုပ်တယ်။ ဒီတခါတော့ ကျုပ်ကို အမျိုးမျိုး အနှောင့်အယှက် ပေးလာတော့တယ်ဗျို့ ။ ဘာမှ ကောင်းကောင်း မလုပ်ရဘူး။ သူကလိုက်ပြီး နှောင့်ယှက်နေတော့တာပဲ။
နုပ်။ ။ ဘယ်ပုံနှောင့်ယှက်သလဲဗျာ။
နုပ်။ ။ခက်လှပါလားဗျာ၊ ဒီတခါကောတစ်လဘဲလား။
တု။ ။ ဒါကတော့ မှန်တယ်ဗျာ၊ တစ်လတိတိဘဲ သူနေတယ်၊ တပေါင်းလပြည့်နေ့ ညမှာ ပျောက်သွားပြီး ထုံးစံအတိုင်း လကွယ်နေ့ ညမှာ ပြန်ပေါ်လာပါလေရောဗျာ၊ အမှန်ပြောရမှာ ဖြင့်လကွယ်နေ့ ည နေ၀င်ဖျိုးဖျ အချိန်ကစပြီး ဘယ်နေရာမှာ ပေါ်လာမလဲလို့  ကျုပ်စိတ်ထဲက မျှော်လင့်နေတော့တာပဲ။
န်ုပ်။ ။မတုန်လှုပ်ဖူးလား။
တု။ ။ တုန်လှုပ်တယ်လို့ တော့ မဟုတ်ပါဘူးဗျာ၊ သို့ သော် ဒီကောင်ကလေး ပေါ်လာရင် ငါ့ကို အနှောင့်အယှက် ပေးအုံးတော့မှာဘဲကိုးလို့  စိတ်ခပ်ပျက်ပျက်တော့ ဖြစ်နေတော့တာပဲ။ ဒါနဲ့ အဲဒီညက ဘယ်မှမသွားတော့ပဲ အခန်းထဲမှာ စာဖတ်နေတာ မျက်လုံးလှန်ကြည့်လိုက်တာနဲ့  တပြိုင်နက် စားပွဲပေါ်မှာ ငုတ်တုတ်ကလေး ထိုင်လျက် ပေါ်လာပါရောဗျား။
နုပ်။ ။ ဒီတခေါက်ကော ထူးသေးသလား။
တု။ ။ ထူးဘိလားဗျာ၊ တိုးပြီးနှောင့်ယှက်တယ်ဗျ၊ ဒါတင်မကသေးဘူး  သူ့ ပါးစပ်ကတောင် စကားပြောလိုက်ချေသေးတယ်။
နုပ်။ ။ ဘယ်နှယ်လဲဗျာ၊ မျောက်က လူစကားပြောနိုင်သလား
တု။ ။ပြောနိုင်တာ မပြောနိုင်တာ မဆိုနိုင်ဘူးလေး၊ ကျုပ်နားထဲမှာတော့ ကြားရတာအမှန်ဘဲ။ မီးရောင်မရှိဘဲနဲ့  ကျုပ်မျက်စေ့ထဲမှာ မြင်နိုင်တယ်ဆိုတော့ နားကကြားနိုင်တယ်ဆိုတာလဲ ဒီနည်းအတိုင်း ဖြစ်မှာပေါ့ဗျာ။ မြင်ရတယ် ဆိုသော်လည်း မံသမျက်စိ မဟုတ်ပေဘူး၊ မျက်စိအာရုံကြော ထင်ပါရဲ့ ၊ ထိုနည်းတူကြားရတယ် ဆိုတာဟာလဲ တကယ့်နားရယ်လို့ တော့ မဟုတ်ပေဘူး၊ အာရုံကြောထဲက ကြားရတာနဲ့ တူတယ်။
န်ုပ်။ ။ ဟုတ်ပါလိမ့်မယ်၊ ကြားပုံပြောပြပါအုန်းဗျာ။
တု။ ။ ဒီလိုဗျို့၊ ကျုပ်ဘုရားရှိခိုးရင် အရင်တုံးကတော့ မျက်နှာနားကပ်ပြီး နှောင့်ယှက်ရုံဘဲ။ ဒီတခေါက်တော့ ကျုပ်က အသံထွက်ပြီးရွတ်ရင် မောင်မင်းကြီးသားလေးက မဟုတ်တရုတ်တွေ နင်းကန်ပြီး အော်နေတာဗျာ့၊ အော်တယ်ဆိုတော့ အသံထွက်ရုံတင် မကသေးဘူး၊ အယုတ္တ အနတ္တတွေ လျှောက်ပြီးအော်တယ်။ (မင်းက ဘုရားရှိခိုးပေမဲ့ မင်းစိတ်ဟာ ဘုရားထဲမှာ မနေနိုင်ပါဘူး ခွေးမသားကြီးရဲ့ ) တဲ့ (မင်းလိုလူမျိုး ဘုရားရှိခိုးလို့  ဘယ်ကလာ ကုသိုလ်ရနိုင်မှာလဲ၊ သူတပါးလှူတဲ့ ဆွမ်းတွေ ကွမ်းတွေ စားပြီး ငြိမ်ငြိမ်မနေဘဲ မိန်းမယူလားဘာလားနဲ့  ဒီလိုလူမျိုးတွေဟာ လောကကြီးမှာ လူပိုသက်သက်ပဲ) တဲ့ တကယ်ဗျ၊ မဟုတ်တမ်း တရမ်းတွေ လျှောက်အော်ပြီး တချက်တချက်မှာ ခွေးမသား၊ ဘာမသား၊ ညာမသားနဲ့  ဆဲလိုက်ချင်သေးတယ်ဗျ၊ ဒီလိုသာ သူလုပ်နေရင် ကျုပ်တော့ခက်လိမ့်မယ်။
န်ုပ်။ ။ ဘာကြောင့် ခက်ရမှာလဲဗျာ။
တု။ ။ ဟာ..ဘယ့်နှယ်ဗျာ။ ကောင်းကောင်းနေရတယ်မှ မရှိတော့ပဲ၊ နေ့ ရောညရော အမြဲကပ်ပြီးနှိပ်စက်နေတော့တာဗျ၊ စာဖတ်လို့ တောင် ကောင်းကောင်း မဖတ်ရဘူးဗျ။
န်ုပ်။ ။ ဘယ့်နှယ်လုပ်လို့ လဲ
တု။ ။ ဘယ့်နှယ်လုပ်ရမလဲ၊ စာအုပ်ပေါ်တက်ပြီး ထိုင်ထားလို့  စာလုံးကို လုံးလုံးမမြင်ရဘူးဗျ။
န်ုပ်။ ။ ခက်လှချေကလားဗျ၊ ဆိုပါဦး။
တု။ ။ ဒီတခေါက်တော့ ဒီလောက်မကဘူး၊ ဆိုးလာပြန်ချေသေးဗျ။
န်ုပ်။ ။ ဟင်…ရှိဘဲရှိသေးလားဗျာ
န်ုပ်။ ။ သေကံမရောက် သက်မပျောက်ဆိုတဲ့ စကားအတိုင်းပဗျာ၊ အသက်တစ်ချောင်းဖြစ်ဖို့  ပျက်ဖို့ ဟာ မလွယ်လှပါဘူး။
တု။ ။ မလွယ်တာ လွယ်တာတော့ မဆိုနိုင်ဘူး၊ ဟိုနေ့ က တူမကလေးမရှိရင် ဧကန္တလုပ် ဖြစ်လိမ့်မယ်ထင်တယ်၊  ခုတလောတော့ ကိုယ့်ကိုကိုယ် စိုးရိမ်လို့  အဲဒီလိုနေရာမျိုးဆီ မသွားတော့ဘူးဗျ။
န်ုပ်။ ။ နေပါဦးဗျာ၊ ကျွန်တော်တို့ အခုစကားပြောနေကြတုန်းမှာ ဒီကောင်ကလေး ရှိနေသေးသလား
တု။ ။ အခုတော့မရှိဘူး၊ သူပျောက်သွားတာ ၁၃ရက်ရှိသွားဘီ။ သဘက်ခါလကွယ်နေ့ ဆိုရင် ပြန်ရောက်လာပါလိမ့်မယ် ဧကန္တဘဲ။
န်ုပ်။ ။ ဘာကြောင့်လဲဗျာ
တု။ ။ သူ့ ဟာက တခေါက်ထက်တခေါက် ကဲကဲတက်လာတယ်ဗျ။ တနည်းနည်းနဲ့  ကျုပ်ကို ဒုက္ခရောက်အောင် လုပ်လိမ့်မယ်လို့ ချည်း ထင်နေတယ်။ ဒါထက် နေပါဦးဒေါက်တာ၊ ကျုပ်ဖြစ်ပုံကို ပြောပြပြီးပြီ။ ခင်ဗျားဘယ်လိုထင်သလဲ။ ရောဂါပဲလား၊ သို့ မဟုတ် ဒီမျောက်ကောင်ဟာက ဘယ်လိုသတ္တ၀ါထင်သလဲ။
န်ုပ်။ ။ ရုတ်တရက် မဆုံးဖြတ်နိုင်အောင် ဖြစ်နေသေးလို့  ကျွန်တော် စဉ်းစားပါအုန်းမယ်။ ဒါထက် ခုတလောမှာ လက်ဖက်ရွက်စိမ်းနဲ့  လက်ဖက်ရည် သောက်သေးသလား
တု။ ။ စာမရေးတာကြာလေတော့ လက်ဖက်ရည်ကြမ်းလဲ မသောက်တော့ဘူးဗျ။
န်ုပ်။ ။ ဒီလိုဖြစ်ပြီးမှ စာမရေးတာလား၊ စာမရေးတဲ့နောက်မှ ဒီလိုဖြစ်တာလား
တု။ ။ နေဦး၊ ကျုပ်စဉ်းစားကြည့်ဦးမယ်။ ဓာတုကထာနဲ့  ပတ်သက်တဲ့ နောက်ပိတ်ဆုံးဋီကာကို တန်ဆောင်မုန်း လဆန်း၈ရက်နေ့ က အပြီးသတ်လိုက်တယ်။ တန်ဆောင်မုန်း လပြည့်နေ့ ညကစပြီး ဒီမျောက်ပေါ်လာတော့ စာမရေးတဲ့နောက်မှ ဒီလိုဖြစ်တာပဲ။ ဒီနောက်တော့ သူနှောင့်ယှက်နေတဲ့အတွက် စာမရေးနိုင်တော့ပါဘူး။
န်ုပ်။ ။ စာမရေးလေတော့ လက်ဖက်ရည်ကြမ်း မသောက်ဖူး၊ လက်ဖက်ရွက်စိမ်းလဲ မသုံးတော့ဘူး၊ ဟုတ်ကဲ့လား
တု။ ။ ဟုတ်ပါတယ်
န်ုပ်။ ။ ကိုင်း.. တော်တော်ကလေး နေပြင်းသွားပြီ။ ဒီအကြောင်းကို စိတ်ဝင်စားပြီး ကျွန်တော် စဉ်းစားလိုက်ပါဦးမယ်။
  ကျွန်ုပ်သည် ဦးကေတု၏ နှလုံးသွေးတိုးပုံနှင့် လက်မောင်းသွေးတိုးပုံတို့ ကို စမ်းသပ်ကြည့်၍ မှန်တမ်းရှိနေသည်ကို တွေ့ ရသဖြင့် မကြာမီ တွေ့ ဆုံကြဦးမည်ဟု ပြောပြီး ထိုင်ရာမှထလိုက်ရာတွင် ဦးကေတုက (ဒီအကြောင်းကို ဘယ်သူ့ မှ ကျုပ်မပြောခဲ့ဖူး၊ ခုပြောပြီးနောက် ကိုယ့်ကိုယ်ကိုယ်သာပြီး စိုးရိမ်လာတယ်ဆရာ၊ ကျုပ်ကိုပြစ်မထားပါနဲ့နော်)
လမ်းခရီး၌ ကျွန်ုပ်သည် ဦးကေတု၏ အဖြစ်အပျက်ကို စဉ်းစားရင်း ပစ်မထားပါနှင့်ဟု မှာထားလိုက်သော မျက်နှာထား၌ စိုးရိမ်ကြီးသော အမူအရာရှိသည်ကို သတိရသည်နှင့် တိုး၍စိတ်ဝင်စားမိလေ၏။
နောက်တနေ့  ညနေ၌ ကျောက်ကုန်းကြီးရွာမှ စိတ္တဇရောဂါ စွဲကပ်သောလူနာတစ်ယောက်နှင့် ပတ်သက်၍ ကျွန်ုပ်အားပင့်ခေါ်သဖြင့် လိုက်ပါသွားရလေရာ လူနာမှာ ရုတ်တရက် လက်လွှတ်ရန် မဖြစ်နိုင်လောက်အောင် အရေးကြီးနေသဖြင့် ညဥ့်အိပ်နေရလေတော့သည်။ နောက်နေ့ ညနေတွင် ကျွန်ုပ်သည် ပြန်တော့မည်ဟု ပြင်ဆင်နေဆဲတွင် လူတစ်ယောက် ရောက်လာ၍ ဇရစ်ချောင်ရွာ ဦးကေတုထံမှ အရေးတကြီး စေလွှတ်လိုက်ခြင်းဖြစ်ပါသည်ဟု ပြောသဖြင့် သူ၏လှေနှင့်ပင် ချက်ချင်းလိုက်လာခဲ့လေ၏။ လှေပေါ်တွင် ဦးကေတု၏ တူအား အဖြစ်အပျက်ကို စုံစမ်းကြည့်ရာ ဦးကေတုမှာ မည်သည့်အကြောင်းကြောင့်မသိ အိမ်မြှောင်အမီးပြတ်ကဲ့သို့  ဖျပ်ဖျပ်လူးဖြစ်၍ နေမထိ ထိုင်မထိဖြစ်နေကြောင်း၊ ကျွန်ုပ်ကို မတွေ့ တွေ့ အောင်ရှာ၍ စာတစောင်ကို ပရိသတ်ရှေ့ တွင် မပေးပဲလမ်းခရီးရောက်မှ ပေးဖို့  မှာထားလိုက်ကြောင်း ပြောပြီးလျှင် စာတစောင်ကိုထုတ်ပေးလေ၏။ ထိုစာမှာ….
ဇရစ်ချောင်ရွာ
လဆုပ်(၁၄)ရက်
အစီရင်ခံပါသည် ဒေါက်တာဦးအုန်းခင်…
ဟိုဟာရောက်နေပါပြီ၊ ခါတိုင်းထက် တစ်ရက်စော၍ ရောက်ပါသည်။ ခင်ဗျားကို ဖွင့်ပြောသမျှသူအားလုံး သိ၍ ကျွန်တော်ကို ပွက်ပွက်ရိုက်အောင် ကြိမ်းမောင်းပါသည်။ ဒေါက်တာဦးအုန်းခင်မကလို့  မိုးပေါ်က နားကင်းကြီးနှင့် သိကြားမင်းဆင်းကုတောင် မရဘူးလို့  သူကပြောနေပါသည်။ ဒီတခါသိပ်နှောင့်ယှက် ပါသည်။
(ဦးကေတု)
ကျွနုပ်တို့ သည် မြစ်ကမ်းတွင် လှေကလေးကိုဆိုက်ကပ်၍ ဇရစ်ချောင်ရွာဘက်သို့  လျှောက်လာကြသော အခါ နေ၀င်ရီတရောအချိန် ရှိနေလေပြီ။ ရွာဦးမှဝင်လာခဲ့၍ ရွာလယ်သို့ ရောက်ကြသောအခါ ရွာသားတစ်ယောက်က လူကလေးအား (ဟေ့ဖိုးတေ.. မင်းဘယ်ကပြန်လာတာလဲ) ဟုမေးသဖြင့် (ဦးလေးဖို့  ဆရာဝန်ပင့်လာခဲ့တယ်) ဟုဖိုးတေက ပြန်ပြောလိုက်ရာတွင် ထိုသူက ဘာမှပြန်မပြောပဲ ကျွန်ုပ်၏မျက်နှာကို လှမ်းကြည့်ခါ (ဟင်) ဟုဆိုလိုက်၏။ ထိုခဏတွင် ကျွန်ုပ်သည်လည်း ဦးကေတုအိမ်ဆီမှ အသံတစ်ချက်ကြားလိုက်ရသဖြင့် ရိပ်မိလေပြီ။ သို့ ရာတွင် ဖြစ်ပျက်ပုံကို သိလိုသေးသဖြင့် ဖိုးတေနှင့်အတူ လိုက်ပါလာခဲ့ရာ လှေကားရင်းတွင် ငိုယိုလျှက်ရှိသော တူမကလေးကို တွေ့ ရလေ၏။
အကျဉ်းချုံး၍ ဖေါ်ပြရသော် ဦးကေတုမှာ မိမိ၏လည်ပင်းကို သင်တုန်းဓားနှင့်လှီး၍ အဆုံးစီရင်လိုက်သဖြင့် အလောင်းကို ဆေးရုံသို့ ပို့ ရန် စီမံလျက်ရှိကြလေ၏။ ဖြစ်ပျက်ပုံမှာ ဦးကေတုသည် ဖိုးတေကိုစေလွှတ်လိုက်ပြီးနောက် အခန်းတံခါးကိုပိတ်၍ အိပ်သည်ဟု အိမ်သားများက မှတ်ထင်လေကြလေရာ ညနေစာ ထမင်းချိန်တန်၍ ခေါ်မရသဖြင့် တံခါးကိုအတင်းဖွင့် ကြည့်ကြသည်တွင် ခုတင်အနီးတွင် ခွေလျက် သေနေသော ဦးကေတုအလောင်းကို တွေ့ ကြရလေတော့၏။
ကျွန်ုပ်၏ စိတ်၌ကား ဦးကေတုသည် မျောက်ကောင်၏ တိုက်တွန်းချက်အရ မိမိကိုယ်ကို အဆုံ့းစီရင်လိုက်ခြင်းဖြစ်ကြောင်း ယုံမှားသံသယမရှိချေ။
နောက်တနေ့ တွင် ကျွန်ုပ်သည် ဦးကေတု၏ နေအိမ်သို့ သွား၍ ဖိုးတေအား လက်ဖက်ပင်ကို လိုက်ပြခိုင်း ရာပင်စည်နှင့်တကွ အရွက်ပုံသဏ္ဍာန်မှာ လက်ဖက်ပင်နှင့် အလျင်းခြားနားခြင်းမရှိသည်ကို တွေ့ ရလေ၏။
နောက်ဆုံး၌ ကျွန်ုပ်သည် ဖိုးတေအား ထိုသစ်ပင်ကို နှုတ်ပစ်ရန်ပြောရာတွင် ဖိုးတေက မလုပ်ဝံ့ကြောင်းနှင့် ငြင်းဆန်နေသဖြင့် ဦးကေတုက မှာခဲ့သည်ဟု လီဆယ်၍ပြောသည်တွင်မှ နှုတ်ပစ်လိုက်လေတော့သတည်း။
Credit:တေစ ၦရြာ
No comments
Followers
တမာသားလေး(မတ္တရာ)
လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.