The Magazine

အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး

တက္ကသိုလ်တစ်ခုမှာ ရုက္ခဗေဒဘာသာသင်တဲ့ ဆရာတစ်ဦးရှိတယ်။ အဲဒီဆရာသင်တဲ့ဘာသာရပ်က စိတ်ဝင်စားဖို့မကောင်းပေမယ့် သူ့အတန်းချိန်ဆိုရင် ကျောင်းသားတွေ အမြဲပြည့်နေတတ်တဲ့အပြင် အတန်းပြင် ဝရန်တာအထိ လာနားထောင်တဲ့ကျောင်းသားတွေ ရှိခဲ့တယ်။ သူဟာလုပ်သက်ရင့် ဆရာတစ်ဦး မဟုတ်သလို အသိပညာတွေ ပေါကြွယ်ဝနေသူလည်း မဟုတ်ပါဘူး။ အကြောင်းက သူရဲ့အရွှင်းအဖောက် ဟာသဉာဏ်ကြောင့်ဖြစ်တယ်။
တစ်ခါက ဆရာဟာ ကျောင်းသားတွေနဲ့အတူ မြင့်မားတဲ့တောတောင်တွေအထိ လက်တွေ့ဆင်းခဲ့ကြတယ်။ လမ်းမှာတွေ့တဲ့ အမျိုးအမည်မသိ အပင်တွေကို ကျောင်းသားတွေကမေးတိုင်း ဆရာကဖြေနိုင်ခဲ့တယ်။ ဒါကို ကျောင်းသားတစ်ယောက်က အားကျပြီး....

“ဆရာ... ဆရာက အသိဉာဏ်ပညာ ကြွယ်ဝလွန်းတယ်။ အပင်တိုင်းရဲ့ အမျိုးအစားကို ဆရာသိနေတယ်နော်” လို့ ဆိုတော့ ဆရာကနောက်လှည့်ပြီး
ကျောင်းသားအားလုံးကို မျက်စပစ်ပြလိုက်တယ်။ ပြီးတော့ “ ဆရာ ဘာဖြစ်လို့ ကျောင်းသားအားလုံးရဲ့ ရှေ့မှာ ဦးဆောင်ပြီး သွားနေလဲသိလား၊ ရှေ့ကနေသွားပြီး မသိတဲ့အပင်ရှိရင် ဆရာက အရင်နင်းချေပစ်လိုက်တယ်။ သိတဲ့အပင်တွေလောက်ပဲချန်ထားလို့ အခုလို သိနေတာပေါ့” လို့ ပြန်ဖြေလိုက်တယ်။

ဆရာ့စကားကို ကြားတော့ ကျောင်းသားအားလုံး တဝါးဝါးနဲ့ ပွဲကျကုန်ကြတယ်။ စာသင်ခန်းထဲမှာတောင် မဟုတ်ပါဘူး.. လေ့လာရေး ခရီးတစ်ခုမှာတောင် အပျော်နဲ့ ပြည့်ဝတဲ့ခရီးတစ်ခုအဖြစ် ဆရာကစွမ်းဆောင်နိုင်ခဲ့တယ်။ ဒါဟာလည်း ဆရာ့ကို ကျောင်းသားတွေနှစ်သက်စေတဲ့ အကြောင်းရင်းပဲဖြစ်တယ်။

" ပြုံးဖို့ရာ ငွေကြေးကုန်ကျစရာမလိုဘူး။ ဒါပေမယ့် အကျိုးအမြတ်တွေ အများကြီးရစေတယ်"

အမေရိကန် ထိပ်သီးစီးပွားရေးပညာရှင်တစ်ဦးဖြစ်တဲ့ Gandalf က ဒီလိုဆိုပါတယ်။ “ရောင်းဝယ်မှုဆိုတာ ၂%က ကုန်ပစ္စည်း အသိရှိရမယ်။ ၉၈%က လူ့သဘာဝကို နားလည်ရမယ်”။

အမေရိကန် (EQ) စာအုပ်ရေးသားတဲ့ စာရေးဆရာ Daniel Goleman က “အောင်မြင်မှုမှာ ၈ဝ%က EQဖြစ်ပြီး ၂ဝ% က IQ ဖြစ်တယ်” လို့ ဆိုပါတယ်။ ဒါကြောင့် လူ့သဘာဝကို နားလည်ခြင်း၊ အပြောအဆို လိမ္မာယဉ်ကျေးခြင်း၊ ဟာသဉာဏ်ရွှင်ခြင်းတွေက အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်လို့ဆိုပါတယ်။

တချို့လူတွေကို လူတွေက သဘောကျနှစ်ခြိုက်ပြီး တချို့ကို ဘာကြောင့် မုန်းတီးရွံ့ရှာကြသလဲ၊ အဖြေက “သူတို့ကိုယ်သူတို့ မမြှင့်တင်တတ်လို့ပါပဲ”။

ဂျပန်နိုင်ငံက စကားပြောအနုပညာရှင်တစ်ဦးဖြစ်တဲ့ Mr. Fukuda Jian က “ အပြုံးက အပြုံးကိုသယ်ဆောင်လာနိုင်တယ်” လို့ ဆိုပါတယ်။ ကိုယ်က လူတွေကို အပြုံးနဲ့ ကြိုဆိုလက်ခံတဲ့အခါ လူတွေကလည်း ကိုယ့်ကိုအပြုံးနဲ့ ပြန်လည် ကြိုဆိုလက်ခံတာကို ဆိုလိုခြင်းဖြစ်တယ်။

“အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး” ဖြစ်တယ်။ ကူးစက်ခံရတဲ့လူတိုင်းကို ပျော်ရွှင်စေတယ်။ နေသာထိုင်သာရှိစေတယ်။ Mr. Fukuda Jian ကဆက်ပြီး “အပြုံးနဲ့ ကြိုဆိုတာဟာ လူလူချင်း ဆက်ဆံရာမှာ အဆင်ပြေချောမွေ့စေတဲ့ ဆေးစွမ်းတစ်လက်ဖြစ်တယ်” လို့ဆိုပါတယ်။ ဒါကြောင့် အပြုံးအမြဲဆောင်ထားပြီး လူတွေနဲ့ ပျော်ပျော်ဆက်ဆံတာဟာ တခြားလူတွေအတွက်သာမက ကိုယ့်အတွက်လည်း ကောင်းကျိုးများစွာ ရရှိနိုင်ပါတယ်။

အပြုံးဆိုတဲ့ကူးစက်ရောဂါတစ်မျိုး ကူးစက်တာကို ကျွန်မတို့ ဘာကြောင့် လက်မခံနိုင်ရမလဲ...
Credit : နိုင်းနိုင်းစနေ

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.