အေးမြတေးသံ
* မှောင်နှင့် မည်းမည်း၊ တောနက် ထဲဝယ်
ခက်ခဲ မတ်စောက်၊ ကွေ့လိမ်ကောက်သော
တစ်ယောက် သွားသာ၊ လမ်းမှ လာ၍ ---- ။
* ဝက်ဝံ သစ်ကျား၊ သားရဲ များ၏
ကြီးမား အန္တရာယ်၊ အသွယ်သွယ် ကို
သွေဖယ်ရှောင်ကွင်း၊ ရဲစိတ် သွင်း၍ ---- ။
* နှစ်ရက် သုံးရက်၊ ရက်ဆက် ခရီး
အရှည်ကြီး ကို၊ ငြီးငွေ့မောဟိုက်
ရင်ထဲ လှိုက်ဖို၊ စိတ်ထဲ ငို၍ ---- ။
* ပညာဝေငှ၊ စာသင်ပြဖို့
ဝေးလှသီခေါင်၊ သည်ရပ်ချောင် သို့
တောတောင်ဖြတ်ကာ၊ ရောက်ခဲ့ ရာဝယ် ---
ရင်မှာ မချိ၊ ညည်းတွား မိလည်း ---- ။
* ကျောင်းတော် သာမှ၊ အေးချိုမြသော
ကြားရ ပီယံ၊ ခေါင်းလောင်း သံနှင့်
ညံညံ ပဲ့တင်၊ တေးသံရှင် တို့
“မင်္ဂလာပါ၊ တို့ ဆရာ” ဟု
ညီညာသီကြွေး၊ မေတ္တာတေးကြောင့်
ချွေးစက်ခြောက်ခမ်း၊ ရင် အနွမ်းတို့
ငြိမ်းချမ်း လွင့်ပြယ်ခဲ့ပြီတည်း။ ။
Written by ကိုမျိုး (ဇလပ်မြေ)
ပညာတန်ဆောင် မဂ္ဂဇင်း
အတွဲ (၄၈) အမှတ် (၅)၊ မေလ၊ ၁၉၉၉ ခုနှစ်
Leave a Comment