မိဘနှင့်သားသမီးကြားမှ အဖုအထစ်လေးတစ်ခု
သား "အဖေကလဲဗျာ နေကပူပါတယ်ဆိုနေမှ ဘာတွေလုပ်နေလဲကိုမသိဘူး။ကိုယ့်ဘာသာ
အေးအေးဆေးဆေးနေစမ်းပါဗျာ။"
အဖေ "အဖေလဲ တစ်ယောက်တည်း တစ်နေကုန်ထိုင်နေရတာ
ငြီးငွေ့လာတာနဲ့ တံမြက်စည်းလေးလှဲနေမိတာပါကွာ။ငါ့သားမကြိုက်ရင် နောက်မလှဲတော့ပါဘူး။
နေ့လည်ခင်း နေကလည်းအရမ်းပူတာကြောင့်ဦးကျော်ဆွေတို့အိမ်ဘက်ထွက်လာခဲ့ပါသည်။
ဦးကျော်ဆွေတို့အိမ်ဘေးတွင်
အလွန်ကြီးမားသော ကုက္ကိုပင်ရှိပါသည်။အပင်အရိပ်အောက်တွင် သင်ဗျူးဖျာခင်းပြီး ရေနွေးသောက်ရင်း
ဦးကျော်ဆွေနှင့် စကားပြောနေကြဖြစ်သောကြောင့် ဒီနေ့လည်း စကားပြောရန်ထွက်လာစဉ် သားအဖနှစ်ယောက်၏
စကားပြောသံကို ကြားလိုက်ရခြင်းဖြစ်သည်။ဦးကျော်ဆွေတွင် ကျော်ငွေဟူသော သားတစ်ယောက်ရှိပါသည်။ ဦးကျော်ဆွေဇနီး
မခင်လှကတော့ ကျော်ငွေကိုမွေးပြီး မီးတွင်းထဲမှာပင် ဆုံးသွားခြင်းဖြစ်ပါသည် ။ကျော်ငွေကို
မိတဆိုးသားလေးဆိုပြီး အချစ်ပိုနေသော ဦးကျော်ဆွေအဖြစ်ကို ကျွန်တော်သာမက တစ်ရွာလုံးပင်သိကြပါသည်။
ကျော်ငွေ "ဦးလေး လာလေဗျာ။ဘာလို့ အိမ်ပေါက်မှာပဲ
ရပ်နေရတာလဲ။"
အိမ်ပေါက်မှာပင် ရပ်နေသော ကျွန်တော့်ကို
ကျော်ငွေမြင်မြင်ခြင်း အိမ်ထဲဝင်ရန် ခေါ်လိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော် "ဘာဖြစ်နေကြတာလဲ ဒီသားအဖနှစ်ယောက်။"
ကျော်ငွေ "ဘာဖြစ်ရမှာလဲ အဖေပေါ့။"
ကျွန်တော် "ဟ….မင်းအဖေက
ဘာဖြစ်နေလို့လဲ။"
ကျော်ငွေ "အဖေကို အလုပ်တွေမလုပ်နဲ့ဆိုတာကို
ဘယ်လိုမှ တားလို့မရဘူး။တံမြတ်စည်းဖြစ်ဖြစ်လှည်းနေရမှ။ဒါမှမဟုတ် အိမ်ရှေ့က မြက်ဖြစ်ဖြစ်နှုတ်နေရမှ။ ကျွန်တော်ဖြစ်စေချင်တာကဗျာ။
စကားကို မဆက်သေးဘဲ ဖခင်ဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။ဦးကျော်ဆွေကတော့
ကျွန်တော်လာတာကိုပင် သိပုံမရ။ပက်လက်ကုလားထိုင်ပေါ်ထိုင်ပြီး ပုတီးစိပ်နေသည်။
ကျော်ငွေ "ကျွန်တော်ဖြစ်စေချင်တာက တရားအားထုတ်
ပုတီးစိပ်ပြီး အေးအေးဆေးဆေးပဲ နေစေချင်တာ။ထမင်းစားချိန် ခူးခပ်ကျွေး၊ ရေချိုးချိန် ရေခပ်ပေးနဲ့
ကိုယ့်အဖေကို မသေခင်ပြုစုစေချင်တာပါ။ အခုကျတော့ အဖေက ကျွန်တော် ထမင်းခူးပေးလဲ သူစားချင်မှစားတာ။ကျွန်တော် ခူးခပ်မေးထားတာတွေကလဲ
အပိုတွေဖြစ်နေတာပေါ့။ဦးလေးလဲ အဖေ့ကို ပြောပေးပါအုန်းဗျာ။"
ကျွန်တော် "အေးပါကွာ။ငါပြောပေးပါ့မယ်။မင်းစိတ်ပျက်မနေပါနဲ့ကွာ"ဆိုပြီး
ကျော်ငွေအားမငယ်စေရန် ပြောလိုက်ပါသည်။
ကျော်ငွေ "ဦးလေးလဲ အဖေနဲ့ စကားပြောလိုက်ပါဦး။ကျွန်တော်လဲ
တောသွားလိုက်ပါဦးမယ်။
ကျွန်တော် "အေးအေး ငါ့တူ ကောင်းကောင်းသွားနော်။
ဟုတ်ကဲ့ ဦးလေးဆိုပြီး ကျော်ငွေတစ်ယောက် တောသို့ထွက်သွားပါတော့သည်။ ကျော်ငွေ့ကျောပြင်အား
ငေးရင်း သက်ပြင်း မသိမသာချကာ ကျော်ဆွေရှိရာ ကုက္ကိုပင်အောက်သို့ ထွက်လာခဲ့ပါသည်။
ကျွန်တော် "ကျော်ဆွေ သူငယ်ရင်း နေကောင်းရဲ့လား။"ဟုနှုတ်ဆက်စကားဆိုလိုက်ပါသည်။
ကျော်ဆွေ မျက်စိကိုအသာအယာဖွင့်လိုက်ပြီး "သူငယ်ချင်း…….လား။ငါနေကောင်းပါတယ်ကွာ"ဆိုပြီး ငိုသံပါကြီးနှင့် ဆိုလေသည်။
ကျွန်တော် "ကျော်ဆွေ သူငယ်ချင်း မင်းငိုနေတာလား။"
ကျော်ဆွေ "ငါအရမ်းစိတ်ညစ်တယ် သူငယ်ချင်းရာ။"
ကျွန်တော် "ဟာ ……
ဘာဖြစ်လို့လဲဟ။အခက်အခဲရှိရင်င့ါပြောလေ။ကူညီနိုင်ရင် ကူညီမှာပေါ့။"
ကျော်ဆွေ "အခုလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတင်ကွာ။ဒါပေမဲ့
မင်းကူညီလဲ မရပါဘူးကွာ" ဆိုပြီး မျှော်လင့်ချက်မဲ့နေသူတစ်ယောက်ပမာ ပြောလေသည်။
ကျွန်တော် "ဘာမို့လို့ ကူညီမရတာလဲ ပြောစမ်းပါဦး။"
ကျော်ဆွေ "ငါ့သား ကျော်ငွေပါကွာ။ငါဘာလုပ်လုပ်
ငါ့ကို အပြစ်ပဲပြောနေတယ်ကွာ။ငါအသက်ကြီးပေမဲ့ မပျက်စီးသေးပါဘူးကွာ။ငါလုပ်နိုင်ကိုင်နိုင်ပါသေးတယ်။ဒါကို
သူက ငါ့ကို အသက်ကြီးပြီး မလုပ်နိုင်တော့ဘူးဆိုပြီး ငါ့ကို လူပမာတစ်ယောက်လိုဆက်ဆံတယ်ကွာ။ငါ့မှာ
အပယ်ခံဘ၀ကို ရောက်နေရသလို ခံစားရတယ်။ငါအရမ်း ၀မ်းနည်းတယ်ကွာ။"
ကျွန်တော်လည်း ကျော်ဆွေလက်ကို ဆုပ်ကိုင်နှစ်သိမ့်ပေးရင်း
ဆွံ့အနေမိတော့ပါသည်။ နားထဲမှာတော့ ကျော်ငွေပြောစကားများကိုပြန်လည်ကြားယောင်လာပါတော့သည်။
"ကျွန်တော်ဖြစ်စေချင်တာက တရားအားထုတ်
ပုတီးစိပ်ပြီး အေးအေးဆေးဆေးပဲနေချင်တာ။ ထမင်းစားချိန် ခူးခပ်ကျွေး၊ ရေချိုးချိန် ရေခပ်ပေးနဲ့
ကိုယ့်အဖေကို မသေခင်ပြုစုစေချင်တာပါ။အခုကျတော့ အဖေက ကျွန်တော် ထမင်းခူးပေးလဲ သူစားချင်မှစားတာ။ကျွန်တော်ခူးခပ်မေးထားတာတွေကလဲ
အပိုတွေဖြစ်နေတာပေါ့။"
အဖေတစ်ယောက်၏ခံစားချက်အား မျှဝေခြင်းသာဖြစ်ပါသည်။
တမာသားလေး(မတ္တရာ)
Leave a Comment