ဘ၀ပင်လယ်အားမှန်ကန်စွာဖြတ်သန်းခြင်း

ဘ၀ပင်လယ်အားမှန်ကန်စွာဖြတ်သန်းခြင်း
'အဆွေတော်တို့……..လာကြလော့။တရားနာခြင်းငှာကျောင်းတော်ပေါ်သို့ သွားကြပါစို့။’ ငါးရာသောဥပါသကာအပေါင်းအားတရာနာသွားဖို့တိုက်တွန်းနေသောအတုလဥပါသကာ၏အသံကား သာဝတ္ထိမြို့တွင်းတစ်နေရာမှ ပျံ့လွင့်လာပါသည်။
အတုလဥပါသကာကားနောက်မှပါလာသောငါးရာသောအခြံအရံများအား'အဆွေတော်တို့ကြည့်ပါဦး။ဟော…ဟိုအပင်အောက်မှာသီတင်းသုံးနေတာ အရှင်ရေ၀တမထေရ်မို့လား။" ဟု ပြောလိုက်ပါသည်။
နောက်မှအခြံအရံများ၏အဖြေကိုပင်မစောင့်ဘဲ"သွားစို့အဆွေတော်တို့ အရှင်ရေ၀တမထေရ်ထံတရားနာရန်သွားကြပါစို့" ဟုပြောရှေ့ဆုံးမှ ဦးဆောင်ကာသွားလေသည်။ အရှင်ရေ၀တံရှေ့သို့ရောင်လျှင်ရောက်ချင်းထိခြင်းငါးပါးဖြင့်ဦးချကာသင့်တင့်လျောက်ပတ်သောနေရာတွင်  ထိုင်လေသည်။

အရှင်ရေ၀တကားခြင်္သေ့ကဲ့သို့တစ်ယောက်ထီးတည်းကိန်းအောင်းခြင်းတွင် မွေ့လျော်သူဖြစ်ခြင်းကြောင့် အတုလဥပါသကာနှင့်အပေါင်းအပါတို့အားတစ်စုံတစ်ခုသောစကားမျှမဆိုချေ။
ဤမထေရ်ကား တရားနာလူသူကိုပင် တရားမဟောသည့်အပြင် တစ်စုံတစ်ရာသော စကားပင်မဆိုဟူ၍အမျက်ထွက်ကာ အရှင်သာရိပုတ္တရာထံသို့သွားလေသည်။သင့်တင့်လျောက်ပတ်သောနေရာတွင်ထိုင်ကာ အကြောင့်စုံအား လျှောက်ထားလေသည်။ထို့ကြောင့် တပည့်တော်တို့အား တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးတော်မူပါဘုရားဟူ၍တောင်းပန်လေသည်။
အရှင်သာရိပုတ္တရာကိုယ်တော်မြတ်က ကောင်းပြီဒကာတော် ဟုဝန်ခံ၍ အလွန်သိမ်မွေ့နက်နဲလှသော အဘိဓမ္မာတရားတော်အား ဟောကြားလေသည်။
အတုလဥပါသကာစဉ်းစားသည်မှာ များစွာသော အဘိဓမ္မာတရားတော်သည် ငါ့အတွက်အဘယ်အကျိုးရှိအံ့နည်း ဟုတွေးကာ အမျက်ထွက်ပြန်လေသည်။ထို့နောက် ပရိတ်သတ်အားခေါ်ကာ အရှင်အာနန္ဒာထံသို့သွားလေသည်။
အရှင်အာနန္ဒာအားဖြစ်ကြောင်းအစုံကိုလျှောက်ထားပြီးနောက် တရားဟောပေးပါရန် တောင်းပန်လေသည်။အရှင်အာနန္ဒာသည် အတုလဥပါသကာတို့သိလွယ်စေရန် အနည်းငယ်သောတရားကိုသာဟောလေသည်။
ဒီလိုမျိုးတရားမျိုးလောက်တော့ ဒို့လဲသိသားပဲဟု အတုလဥပါသကာက ကဲ့ရဲ့ကာ မြတ်စွာဘုရားထံသို့သွားလေသည်။မြတ်စွာဘုရားရှင်သည် အတုလဥပါသကာအားမြင်လေသော် ဒကာတော် အတုလ အဘယ်သို့သော အကြောင်းကြောင့် ငါဘုရားထံလာသနည်း ဟူ၍နှုတ်ဆက်စကားအား မိန့်ကြားလေသည်။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဘုရားတပည့်တော်တို့သည် တရားနာရန်အတွက် အရှင်ရေ၀တထံသို့သွားပါသည်ဘုရား။အရှင်ရေ၀တကား တရားဟောဖို့မဆိုနှင့် အာလာပ သလ္လာပစကားကိုပင် မဆိုသဖြင့် အမျက်ထွက်ကာ အရှင်သာရိပုတ္တရာထံသို့သွားခဲ့ပါသည်ဘုရား။အရှင်သာရိပုတ္တရာမထေရ်သည် အလွန်ရှည်လျားလှသော အဘိဓမ္မာတရားကိုဟောသဖြင့် အကျိုးမရှိဘူးအထင်ကြောင့် အရှင်အာနန္ဒာထံသို့ သွားခဲ့ပါသည်။အရှင်အာနန္ဒာသည် အလွန်တိုတောင်းသော တရားကိုသာဟောခြင်းကြောင့် အမျက်ထွက်ကာ အရှင်ဘုရားထံသို့ ရောက်လာခြင်းဖြစ်ပါသည် ဟူ၍ ဖြစ်ကြောင်းကုန်စင်ကို မြတ်စွာဘုရားအားရိုသေစွာလျှောက်ထားလေသည်။
ချစ်သားအတုလ အန္ဓဗာလ ဖြစ်သော သူမိုက်တို့၏ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ပဓာနမဟုတ်။ပညာရှိတို့၏ချီးမွမ်းခြင်းသည်ပင်လျှင် ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်းသည် ကဲ့ရဲ့ခြင်း မည်၏။လောက
 ကဲ့ရဲ့လွတ်သောသူ၊ချီးမွမ်းလွတ်သောသူသည် နိတ္တိမရှိ ဟုပရိတ်သတ်လေးပါးအလယ်တွင် တင့်တယ်စွာ စံတော်မူ
 အတုလဥပါသကာအားတရားဟောလေသည်။ဒေသနာတော်အဆုံး၌ အတုလဥပါသကာနှင့်တကွငါးရာသော ဥပါသကာအပေါင်းတို့သည် သောတာပတ္တိဖိုလ် တည်လေသည်။

တကယ်တော့ဘ၀ဆိုတာပင်လယ်နဲ့တူပါသည်။ဘ၀ဆိုသောပင်လယ်အားဖြတ်သန်းရာတွင်တစ်ခါတစ်ရံလောကဓံမုန်တိုင်းနှင့်ကြုံတွေ့ရတတ်ပါသည်။(လောကဓံတရားရှစ်ပါးတွင်အများဆုံး
ကြုံတွေ့ရသည်မှာချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဖြစ်သည့်အတွက် ထိုအကြောင်းကိုသာ အဓိကရည်ရွယ်ထားပါသည်။)မိုးသက်မုန်တိုင်းကြောင့်ဦးတည်မောင်းနှင်နေသည့်ကမ်းနှင့်လွဲနိုင်သလို လောကဓံမုန်တိုင်းကြောင့်လည်း ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်နှင့်သွေဖီသွားတတ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သည့်ဥပမာအတိုင်းကဲ့ရဲ့ခြင်းမှလွတ်ကင်းသူဟူ၍မရှိချေ။ကောင်းတာပဲ
လုပ်လုပ်မကောင်းတာပဲလုပ်လုပ်ကဲ့ရဲ့ခံရမည့်အတူတူ ကောင်းတာလုပ်ပြီး ကဲ့ရဲ့ခံမှာလား မကောင်းတာလုပ်ပြီး ကဲ့ရဲ့ခံမှာလားဆိုတာ မိမိကိုယ်ကိုယ်ဝေဖန်သုံးသပ်လိုက်ပါ။ ဘ၀ဆိုသောပင်လယ်အားဖြတ်သန်းရာတွင် ပညာဟူသောလှော်တက်ဖြင့်တည့်မတ်ကာ မိမိရည်မှန်းချက်ဖြစ်သောကမ်း(ပန်းတိုင်)သို့အရောက်လှမ်းနိုင်ပါစေ။
အတုလဥပါသကာ(ဓမ္မပဒ-ဒု)၊အရှင်ဥာဏိဿရ(ဘ၀ဆိုတာပင်လယ်နှင့်တူတယ် တရားတော်) တို့အားကိုးကားသည်။
                                                                            တမာသားလေး(မတ္တရာ)









No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.