သမီးလေးရဲ့ ဧည့်သည်
အိမ်ပြန်ရောက်တော့ ည ၁၀ နာရီခွဲနေပေပြီ။ ဇနီးသည် ခပ်ပေးသော သောက်ရေကို
သောက်ပြီး အိပ်ခန်းဘက်ကို ဝေ့၀ဲကြည့်လိုက်၏။ ဇနီးသည်က ပခုံးထက်မှ
လွယ်အိတ်ကို ဖြုတ်ယူပြီး “သမီးက ၉ နာရီလောက် ကတည်းက အိပ်သွားတာ” ဟု
အလိုက်တသိ ဆိုသည်။
ရေမိုးချိုးပြီးသည်နှင့် ညစာထမင်းကို ခပ်သွက်သွက် စားလိုက်သည်။ ပြီးတော့ စာရေးစားပွဲထိုင်ပြီး နက်ဖြန်သင်ရမည့် သင်ခန်းစာတွေကို ပြင်ဆင်ရပြန်သည်။ “အစ်ကို အိပ်တော့လေ။ မနက်လည်း စောစောထရဦးမယ် မဟုတ်လား” ဇနီးသည် သတိပေးသံကိုကြားမှ စာရွက်စာတမ်းများကို သိမ်းဆည်းပြီး အိပ်ရာဝင်ဖြစ်သည်။
သူ သမီးပါးပြင်လေးကို အသာနမ်းရှိုက်လိုက်သည်။ “သမီးက တီတီတာတာ ပြောတတ်နေပြီ ဖေကြီးရဲ့ ၊ သိလား” သူ ရင်ထဲမကောင်း ဖြစ်သွားသည်။ ကိုယ့်ရင်သွေး စကား တီတီတာတာ ပြောတတ်နေသည်ကိုပင် မကြားဖူး၊ မကြုံဖူးသေးသည့်အဖြစ်။ မနက် သမီးလေးမနိုးခင် ထသွား၊ ည သမီးလေး အိပ်ချိန်မှ ပြန်ရောက် .... ။
မိသားစုအရေးအတွက်၊ သမီးလေး၏ ရှေ့ရေးအတွက် လှုပ်ရှားနေရသည့် နိစ္စဓူဝဖြစ်စဉ်ပါပဲ။
(၂)
သူ့အိမ်အပြန် ခြေလှမ်းတွေက လျင်မြန်သွက်လက်နေသည်။ လက်ထဲမှာလည်း
စားစရာတွေ၊ ကစားစရာတွေ တစ်ပွေ့တစ်ပိုက်နှင့် ....။ ဒီနေ့ သူ့အိမ်ပြန်ချိန်က စောနေသည်။ သူ နောက်ဆုံးဝင်ရမည့် စာသင်ဝိုင်းမှာ နာရေးကိစ္စတစ်ခုကြောင့် ဖျက်လိုက်ရသည်။ ဒါ သူ့အတွက် ရတောင့်ရခဲ အခွင့်အရေးဖြစ်သည်။ သမီးလေး အိပ်မပျော်ခင် တွေ့ရမည် အခွင့်အရေးမှာ သူ့အတွက်တော့ ဘာနှင့်မျှ မလဲနိုင်။
အိမ်ရှေ့တံခါးဝကို ရောက်တော့ အရုပ်တွေနှင့် ဆော့နေသော သမီးလေးကို သံတံခါးကြားမှ လှမ်းမြင်နေရသည်။ “သမီးလေး ....” သူ့အသံကြားတော့ သမီးလေးက လှမ်းကြည့်သည်။ သူ အားရပါးရ ပြုံးပြလိုက်တော့ သမီးက မျက်မှောင်ကြုတ်ပြီး ခပ်စူးစူး ပြန်ကြည့်သည်။ ပြီးတော့ အိမ်အတွင်းဘက်သို့ ခေါင်းလှည့်ကာ “မေမေရေ ဧည့်သည်ယာတယ်” .... တဲ့ ။ သူ့ရင်ထဲမှာ ဟိုးတွင်းအနက်ကြီးထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရလေသည်။
ဖိုးသူတော်(www.phothutaw.com)
Credit : ဆောင်းဖြူ The Ladies News

Myanmar Kyat Converter
Leave a Comment