ကမ္ဘာတစ်ဝန်းရှိ လူအများ ကိုယ်လက်လှုပ်ရှားမှုလျော့နည်းလာပြီး ဥရောပဒေသရှိ
အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံနှင့်ကြီးကောင်ဝင်စ အရွယ် သုံးပုံနှစ်ပုံသည်
ကိုယ်လက်လှုပ်ရှားမှုမလုံလောက်ဖြစ်နေ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က
ဖော်ပြသည်။
ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းမှာ ကျန်းမာရေးမကောင်း ဖြစ်စေသည့်
အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာသည်။ ဥရောပဒေသတွင်
ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့် မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှု
ပိုများလာကြောင်း သိရသည်။ ဥရောပဒေသတွင် အရွယ်မတိုင်မီ သေဆုံးမှုနှင့်
အများဆုံးဖြစ်ပွားသော ရောဂါလေးမျိုး၌ ဆီးချိုရောဂါလည်း ပါဝင်သည်။
အခြားအဖြစ်များသော ရောဂါသုံးမျိုးမှာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့ဖြစ်သည်။
ယင်းဒေသအတွင်း ဆီးချိုရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ ရှိသူ သန်း ၆၀
ရှိပြီး ဆီးချိုရောဂါဖြစ်ပွားနေသူအားလုံး၏ ၅၀ ရာခိုင် နှုန်းကို
စစ်ဆေးတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။ ဆီးချိုရောဂါဖြစ်ပွားမှုမှာ
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပိုများလာပြီး ၂၀၃၀ တွင် ဆီးချိုရောဂါကြောင့်
သေဆုံးမှု သတ္တမအများဆုံးဖြစ်လာမည်ဟု WHO က ဖော်ပြသည်။
ဆီးချိုရောဂါဖြစ်နိုင်သည့်အန္တရာယ်များတွင် ကိုယ်အလေးချိန်
များခြင်း(သို့မဟုတ်)အဝလွန်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ မစား
သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ ပါဝင်သည်။
ကလေးများအနေဖြင့် အလယ်အလတ်မှ ပြင်းပြင်းထန်ထန် အထိ တစ်နေ့လျှင်
အနည်းဆုံးတစ်နာရီ ကိုယ်လက်လှုပ်ရှားရန် လိုအပ်သည်။
သို့သော် ယနေ့ခေတ်တွင် အသက်(၁၁)နှစ်မှ (၁၅)နှစ်အရွယ်ကြား ကလေးငယ်များ
ကိုယ်လက်လှုပ်ရှားမှု သိသိသာသာလျော့နည်းလာပြီး အထူးသဖြင့် မိန်းကလေးများ
ကိုယ်လက်လှုပ်ရှားမှုပိုနည်းကြောင်း သိရသည်။
ကိုယ်လက်လှုပ်ရှားမှုမရှိဖြစ်ရသော အကြောင်းရင်းများတွင် ပတ်ဝန်းကျင်နှင့်
နေထိုင်မှုစနစ်တို့ပါဝင်သည်။ လူအများ နေ့စဉ် အလုပ်သွားလာသောစနစ်များနှင့်
နေထိုင်သောပတ်ဝန်းကျင်များ သည် ငြိမ်သက်စွာနေထိုင်မှုကို
ပိုမိုအလေးထားလာသောကြောင့် လုံလောက်သော ကိုယ်လက်လှုပ်ရှားမှုပမာဏကို
ထိန်းသိမ်းရန် ပို၍ခက်ခဲလာသည်။
ထို့ပြင် ဆင်းရဲသားများအနေဖြင့် လွတ်လွတ်လပ်လပ်နေနိုင်
သောအချိန်နည်းပါးပြီး ကိုယ်လက်လှုပ်ရှားမှုကို အားမပေးသော
ပတ်ဝန်းကျင်များတွင် နေထိုင်ကြရသည့် လူနည်းစုလူမျိုးစုများနှင့်
ကိုယ်လက်မသန်စွမ်းသူများကြား၌လည်း ကိုယ်လက်လှုပ်ရှားမှု ပိုနည်းလာကြ၍
ကိုယ်လက်လှုပ်ရှားမှု ပိုများလာရေး တွန်းအားပေး ရန် ခက်ခဲလာကြောင်း သိရသည်။
Credit : 7Day Daily
No comments:
Post a Comment