”လူတစ်ဦးစီ၏ သွေးအမျိုးအစားသည် ထိုသူ၏ စိတ်နေ သဘောထားနှင့်
ကိုယ်ရည်ကိုယ်သွေး တို့ကို သိပ္ပံ နည်းကျစွာ တိတိကျကျ ညွှန်ပြနေပါသည်” ဟု
ဂျပန်နိုင်ငံ တိုကျိုမြို့ သွေးအုပ်စု အမျိုးအစား သုတေသန သိပ္ပံ၏ ဌာနမှူး
”တိုရှီတာကာနိုမီ” ဆိုသူက ရှင်းလင်း တင်ပြခဲ့သည်။
သူသည်
သွေးအမျိုးအစား ပိုင်ရှင် လူအမျိုးမျိုး တို့ကို နှစ်ပေါင်းများစွာသုတေသန
ပြုခဲ့သူ ဖြစ်ရာ သူ၏ အယူအဆမှာ များစွာ လက်ခံနိုင်စရာ ရှိသည်။
အခြေခံ စိတ်နေသဘောထား
လူတို့သည် အေ၊ ဘီ၊ အေဘီနှင့် အို ဟူ၍သွေးအမျိုးအစား လေးမျိုး ရှိသည်။
မိမိ၏
သွေးအမျိုးအစား အလိုက် ရှိကြသော အခြေခံ စိတ်နေ သဘောထား များမှာ
အောက်ပါအတိုင်း ဖြစ်သည်။ ဘဝပေး အခြေအနေ၊ အချိန်အခါ၊ ပတ်ဝန်းကျင်အရ
အနည်းနှင့် အများသာ ကွာခြား တတ်ကြသည်။
အိုသွေးပိုင်ရှင် တို့သည်
လွန်စွာ ပြင်းပြင်းထန်ထန် တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်တတ်သူများ
ဖြစ်၍
ရည်မှန်းချက် ကြီးကြီးမားမား ထားတတ်ကာ မဖြစ်မနေ လုပ်ဆောင်တတ်ကြသည်။
ထို့ပြင် အားသွန်ခွန်စိုက် ဆောင်ရွက် တတ်သူများ ဖြစ်သည်။
အေသွေး
ပိုင်ရှင်တို့သည် စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်လွယ်၍ ဝေဖန် ခံနိုင်မူ
စွမ်းရည်နည်းသည်။ ဘီသွေး ပိုင်ရှင်တို့သည် မိမိတို့ စိတ်ချမ်းသာသလို
နေထိုင်ပြုမူ တတ်ကြသည်။ ချုပ်ချယ်မှု မခံယူလိုဘဲ လွတ်လွတ်လပ်လပ် နေလိုစိတ်
ပြင်းပြသူများ ဖြစ်၏။ အေဘီသွေး ပိုင်ရှင်တို့သည် အေနှင့်အို
သွေးပိုင်ရှင်တို့၏ ကြား ဖြစ်၏။အရာရာကို မျှမျှတတ ဝေဖန်ပိုင်းခြား
ဆင်ခြင်တတ်ကြ၏။ မိမိသဘောဆန္ဒ သက်သက်ကို မကြည့်ဘဲ အများ၏ သဘောဆန္ဒအရ
ဆောင်ရွက်လေ့ ရှိကြသည်။
ငွေကြေးရှာဖွေသုံးစွဲခြင်း
ငွေကြေးရှာဖွေ
သုံးစွဲခြင်းနှင့်ပတ်သက်၍ သွေးအမျိုးအစား အလိုက် မည်သို့ဆန္ဒ ရှိတတ်သည်၊
မည်သို့ ဆင်ခြင်သင့်သည်ကို အကြံပေး လမ်းညွှန်ထားသည်။
အိုသွေးပိုင်ရှင်
တို့သည် ရည်မှန်းချက် အောင်မြင်လျှင် နောက်ရည်မှန်းချက် ကြီးကြီးသို့
ခြေလှမ်း ပြင်တတ်ကြသည်။ ရည်မှန်းချက် အတိုင်း မဖြစ်မနေ ငွေရှာရာ၌
လောင်းကစားခြင်း သို့မဟုတ် ထိုကဲ့သို့ ဆန်ဆန် ပြုမူရသည်ကို လုပ်ဆောင်
တတ်ကြသည်။
ယင်းတို့ အနေဖြင့် ထိုအချက်များကို ဆင်ခြင်ပြီး တစ်ဖက်စွန်း
မရောက်စေရန်၊မလွန်ကဲစေရန် သတိပြု သင့်ပေသည်။ အေသွေး ပိုင်ရှင်တို့သည်
ငွေအသုံး လွယ်တတ်သည်။ အိုသွေးပိုင်ရှင် တို့ကဲ့သို့ ပြင်းပြင်းထန်ထန်
ရှာဖွေ စုဆောင်းခြင်း ပြုလေ့ မရှိကြ။
ယင်းတို့အနေဖြင့် ငွေကိုကြိုတင်
စုဆောင်းထားသော အလေ့အကျင့် မွေးမြူသင့်သည်။ ဘီသွေးပိုင်ရှင် တို့သည်
ငွေသုံးစွဲပုံ နှစ်မျိုး ရှိတတ်ကြသည်။ မိမိကြိုက်နှစ်သက် ရာ ကိစ္စအတွက်
သို့မဟုတ် ပစ္စည်းအတွက် ဆိုလျှင် ငွေမည်မျှ ကုန်ပါစေ၊ နှမြောတွန့်တိုခြင်း
မရှိကြဘဲ မိမိအတွက် ပျော်ရွှင်မှု မပေးနိုင်သည့် အကြောင်းအရာများ အတွက်မူ
ငွေကုန်ခံရန် လွန်စွာ တွန့်တိုတတ်ကြသည်။ ထိုသူများ အနေဖြင့် မျှမျှတတ
စဉ်းစားချင့်ချိန်၍ ငွေသုံးစွဲတတ်ရန် လိုသည်။ အေဘီသွေး ပိုင်ရှင်တို့သည်
ဝေငှသုံးရာတွင် များသောအားဖြင့် အေးအေးဆေးဆေး ချင့်ချိန်သုံးလေ့ ရှိကြသည်။
အချစ်ရေး
သွေးအုပ်စု
အမျိုးအစားအလိုက် အခြေခံ၍ မိမိချစ်သူကို ရွေးချယ်ရန် မလိုပါ။ မိမိ
မေတ္တာသက်ဝင် ချစ်ခင်သူ၏ အချစ်ရေးနှင့် ပတ်သက်သည့် အခြေခံ စိတ်နေ သဘောထားကို
သိထားပါက သူနှင့် မိမိတို့၏ အချစ်ရေး ရေရှည်ခိုင်မြဲကာ သာယာဖြောင့်ဖြူး
နိုင်ရန် အထောက်အကူ ဖြစ်ပါလိမ့်မည်။
အိုသွေးပိုင်ရှင် တို့သည်
မိမိကိုယ်ကို မိမိ အချစ်ကြီးသည်။ အစွဲအလမ်း ကြီးလွန်းသည်ဟု
ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက် မဟုတ်ပါ။ ချစ်သူနှင့် ခွဲခွာခဲ့ရလျှင်
မကြာခင် ဖြေဖျောက်နိုင် ပါလိမ့်မည်။ အေသွေးပိုင်ရှင် တို့သည် အချစ်ကြီး
တတ်သူများ ဖြစ်၏။ တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်း ဖြစ်တတ်ကြ၏။
ချစ်သူနှင့် ခွဲရပြီ ဆိုလျှင် အခြားသူများထက် ပို၍ ခံစားရလေ့ရှိ၏။
ဘီသွေးပိုင်ရှင်
တို့သည် တစ်ခါတစ်ရံ အချစ်ကို ပေါ့ပေါ့ဆဆ သဘောထား တတ်ကြ၏။ မိမိကိုယ် မိမိသာ
ပိုမိုခင်တွယ်တတ် ဦးစားပေးတတ် သဖြင့် ချစ်သူ၏ ငြီးငွေ့ခြင်းကို
ခံရတတ်သည်။ ထိုအချက်မျိုးကို ဘီသွေးပိုင်ရှင်တို့ ဆင်ခြင်သင့်သည်။ အေဘီသွေး
ပိုင်ရှင်တို့သည် အချစ်ရေးနှင့် ပတ်သက်လျှင် စိတ်ကူးယဉ် အိပ်မက်
မက်လွန်းသူများ ဖြစ်ကြ၏။ အခြေအနေ မှန်နှင့် ကင်းကွာ နေတတ်ကြ၏။ ထိုအချက်ကို
ဆင်ခြင် သတိပြုသင့်သည်။
ဤသည်တို့မှာ ယေဘုယျအားဖြင့် မှန်ကန်ကြ၍
ထိုသွေးအုပ်စု ဝင်တိုင်း ထိုသို့ ဖြစ်ရမည်ဟု ပုံသေကားချပ် တစ်ယူသန်
စွဲမှတ်ပြီး ဆက်ဆံကြရန် မလိုပါ။
ဖြစ်တတ်သည့် သဘောကိုသာ တင်ပြခြင်းဖြစ်သည်။
Credit: မြ၀တီ
ကျောင်းတက်နေရသည့်အတွက် ပိုစ့်အသစ်မတင်နိုင်ခြင်းအား ခွင့်လွှတ်ပါရန် တောင်းပန်အပ်ပါသည်။
(တမာသားလေး)
No comments:
Post a Comment