တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ ဆန္ဒနဲ့ဆန့်ကျင်ပြီး တခြားသူတွေရဲ့
အလိုအတိုင်း လိုက်ပါလုပ်ဆောင်ပေးနေရတာတွေရှိပါတယ်…
အဲ့လိုလုပ်ခြင်းအားဖြင့်လည်း ကိုယ့်အတွက်လည်း အကျိုးမထူး အများအတွက်လည်း
အကျိုးမထူးဘဲ အဲ့ဒီတစ်စုံတစ်ယောက်သောသူအတွက်ပဲ ကောင်းမွန်အကျိုးရှိစေတဲ့
အလုပ်မျိုးလည်း ဖြစ်နေတတ်ပါတယ်… တစ်ခါတစ်လေကျတော့လည်း ကိုယ့်အတွက်
အရမ်းအရေးကြီးနေတဲ့အခါမျိုးမှာ အလိုက်မသိ အကူအညီတောင်းခံနေရတာမျိုးလည်း
ကြုံရတတ်ပါတယ်… တစ်ချို့ကျတော့လည်း သူတို့လိုချင်တာဖြစ်ချင်တာ မရ
မဖြစ်မချင်း ထပ်ခါထပ်ခါ နားပူနားဆာလုပ်တောင်းဆိုတတ်တာမျိုးလည်း
ကြုံရတတ်ပါတယ်… ဒီလိုအခြေအနေမျိုးကို ရှောင်လွှဲချင်တယ်ဆိုရင်တော့
ပြေပြေပြစ်ပြစ်နဲ့ ငြင်းပယ်တတ်ဖို့လိုပါလိမ့်မယ်… ကြုံလာရတဲ့
အခြေအနေပေါ်မူတည်ပြီး ဘယ်လိုငြင်းပယ်သင့်တယ်… ငြင်းပယ်တတ်အောင်
ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာလေးတွေကို ဒီမှာဆွေးနွေးထားပါတယ်…
လေ့လာကြည့်ကြပါဦး….
၁) သင့်ငြင်းပယ်မှုကို သိပါ…
—————————————————————-
သင့်အတွက်
ဘာကအရေးကြီးတယ် ဆိုတာကို ခွဲခြားသိမြင်ပြီး ဘာက
အရေးမကြီးဘူးလဲဆိုတာကိုလည်း လက်ခံဖို့လိုပါလိမ့်မယ်… သင့်အချိန်တွေကို
ဘယ်နေရာမှာအသုံးချချင်သလဲဆိုတာမသိရင် သင့်အချိန်တွေကို ဘယ်နေရာမှာ
အသုံးမချချသလဲဆိုတာလည်း သိမှာမဟုတ်ပါဘူး… သင်ယုံကြည်မှုရှိရှိနဲ့
မငြင်းပယ်ခင်မှာ သင့်အနေနဲ့ ငြင်းပယ်ချင်ကြောင်း သေချာဖို့လိုပါတယ်…
နောက်အဆင့်တွေက ဒီနောက်ကမှ လိုက်လာပါလိမ့်မယ်…
၂) ကျေးဇူးတင်တတ်ပါစေ…
—————————————————————-
လူတွေက
သင့်ကို တောင်းဆိုလာတဲ့ခါ ဘယ်တော့မှ မစော်ကား မမောက်မာပါနဲ့…
သူတို့သင့်ဆီက အကူအညီတောင်းတာဟာ သင့်ကိုယုံကြည်စိတ်ချလို့ ပြီးတော့ သင်က
သူတို့ကိုကူညီနိုင်စွမ်းရှိမယ်ဆိုတာ ယုံကြည်လို့ပါပဲ… ဒါကြောင့် သင့်ကို
အကူအညီတောင်း ကမ်းလှမ်းဖို့ စဉ်းစားတဲ့အတွက် သူတို့ကို ကျေးဇူးတင်ပါ…
ဒါပေမဲ့ မစိုးရိမ်ပါနဲ့… ဒါဟာ လက်ခံလိုက်ဖို့ ဦးတည်နေတာမဟုတ်ပါဘူး….
၃) ငြင်းတယ်ဆိုတာ တောင်းဆိုချက်ကို ငြင်းပယ်တာပါ… လူကိုမဟုတ်ပါဘူး…
—————————————————————-
သင်ဟာ
အဲ့ဒီလူကို ငြင်းပယ်လိုက်တာမဟုတ်ပါဘူး… သူ့ရဲ့ကမ်းလှမ်းချက်ကို
ငြင်းပယ်လိုက်တာပါ… ဒါကိုရှင်းရှင်းလင်းလုပ်ဖို့လိုပါမယ်…
သူ့ကိုသင်လေးစားမှုရှိတယ်ဆိုတာ သူသိပါစေ… သင်က
သူ့လုပ်ဆောင်မှုတွေကိုလေးစားနေတာလည်းဖြစ်ရင်ဖြစ်မယ်.. ဒါမှမဟုတ် သူ့ရဲ့
စိတ်အားထက်သန်မှုနဲ့ ရက်ရောမှုကို
သိမြင်နားလည်တာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်… သူနဲ့ နေ့လည်စာတူတူစားရတာကို
သင်နှစ်သက်ရင်လည်း နှစ်သက်လိမ့်မယ်… ဒါပေမဲ့ မဟုတ်တာကို
ဟန်ဆောင်မပြောပါနဲ့… သင့်အနေနဲ့ တောင်းဆိုကမ်းလှမ်းလာတဲ့သူကို
မနှစ်သက်ရင်တောင်မှ ဟန်ဆောင်မပြောပါနဲ့… ရိုးရိုးရှင်းရှင်းနဲ့
ယဉ်ယဉ်ကျေးကျေးပြောပါ… ပြီးတော့ သူ့ကိုငြင်းပယ်တာမဟုတ်ကြောင်း
ကြင်ကြင်နာနာချိုချိုသာသာနဲ့ ဆက်သွယ်ပြောဆိုပါ…
၎) ဘာကြောင့်လဲဆိုတာ ရှင်းပြပါ..
—————————————————————-
ငြင်းပယ်ဖို့အတွက်သင့်အကြောင်းပြချက်အသီးသီးဟာ အနည်းငယ်ပဲကွာခြားမှုရှိပါလိမ့်မယ်… ဒါပေမဲ့
အကြောင်းပြချက်တစ်ခုတော့ ပေးလိုက်ပါ… သင်အလုပ်ရှုပ်နေလို့…
သင်အားစိုက်ပြီးလုပ်ရတာမျိုး မလုပ်ချင်လို့ စတာမျိုးတွေ
ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်… ငြင်းပယ်ရတဲ့အပေါ်မှာလည်း စိတ်ရှင်းရှင်းထားပြီး
ရိုးသားဖို့ လိုပါလိမ့်မယ်…
၅) စီးပိုးလွန်းသူတွေကို ပြတ်ပြတ်သားသားငြင်းပစ်ပါ…
—————————————————————-
တစ်ချို့လူတွေက
လွယ်လွယ်နဲ့ အလျှော့မပေးတတ်ကြပါဘူး… ဒါကလည်း သူတို့လုပ်ပိုင်ခွင့်ပါပဲ…
ဒါပေမဲ့ အပေါ်က စည်းမျဉ်းတွေကို မချိုးဖောက်ဘဲ သူတို့အကျိုးသူတို့ကြည့်ပြီး
သင့်ကိုတောင်းဆိုသလောက် သင့်မှာလည်း ငြင်းပယ်ပိုင်ခွင့်ရှိပါတယ်…
ဒီအတွက်လည်း သင့်ကိုသူတို့ လေးစားကြပါလိမ့်မယ်… သင်ဖြစ်ချင်တာကို
သင်သက်တောင့်သက်သာလုပ်နိုင်ပါတယ်… (ခင်ဗျားလွယ်လွယ်နဲ့အလျှော့မပေးဘူးဆိုတာ
ကျွန်တော်သိပါတယ်… ကျွန်တော်လည်း ခင်ဗျားလိုပါပဲ… ဒီတော့ ငြင်းလိုက်တာက
ကျွန်တော့်အတွက် ပိုကောင်းပါတယ်…)
၆) လေ့ကျင့်ပါ..
—————————————————————-
ငြင်းပယ်တတ်ဖို့အတွက်
လွယ်ကူပြီး အရင်းအနှီးမကြီးတဲ့ အခြေအနေမျိုးက စလေ့ကျင့်ကြည့်ပါ..
စားပွဲထိုးက သင့်အတွက် အချိုပွဲလာချပေးတဲ့အခါငြင်းပါ… တစ်ယောက်ယောက်က
လမ်းပေါ်မှာ သင့်ကိုတစ်ခုခုလာရောင်းတဲ့အခါမှာ ငြင်းပါ…
အခန်းတစ်ခန်းထဲသွားပြီး တံခါးပိတ်ပါ… ဟင့်အင်း လို့ဆယ်ခါ ကျယ်ကျယ်အော်ပါ…
ဒါဟာ ရူးကြောင်ကြောင်ဖြစ်နေပါလိမ့်မယ်… ဒါပေမဲ့ သင့်ငြင်းပယ်မှုကို
သန်မာအောင် တည်ဆောက်နေတာပါ…
၇) ကြိုတင်ငြင်းပယ်တတ်ပါစေ…
—————————————————————-
ကျွန်တော်တို့ရဲ့ဘဝမှာ
ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ တောင်းဆိုမှုတွေကို
ထပ်ခါထပ်ခါတောင်းဆိုတတ်တဲ့ လူတစ်ချို့ကိုလည်း တစ်ခါတစ်လေကြုံရတတ်ပါတယ်…
အဲ့ဒီလိုအခါမျိုးမှာ သူတို့ဘက်က ဘာမှမတောင်းဆိုလာသေးခင်
ငြင်းပယ်စကားကိုကြိုပြောထားတာက ပိုကောင်းပါတယ်…
သင်ဟာသင့်ဘဝအတွက်အရေးကြီးတဲ့အလုပ်တွေမှာ
အထူးအာရုံစိုက်လုပ်ကိုင်နေတဲ့အကြောင်းနဲ့ တခြားကိစ္စတွေကို
တာဝန်ယူလုပ်ဆောင်ဖို့မရှိကြောင်း အဲ့ဒီလူမျိုးတွေကို သိအောင်ပြောထားရပါမယ်…
အကယ်လို့ သင့်ကိုတောင်းဆိုလာမယ့်သူက သင့်အလုပ်ရှင် ဒါမှမဟုတ်
အထက်အရာရှိဖြစ်နေမယ်ဆိုရင်လည်း သင့်အချိန်ကို သင်ဘယ်နေရာတွေမှာ
အသုံးပြုနေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြထားရပါမယ်… ဒီကြားထဲကမှ
တောင်းဆိုလာတယ်ဆိုရင်တော့ အစောကပြောခဲ့တဲ့ အချက်တွေကို အကြောင်းပြပြီး
ငြင်းပယ်လို့ရပါတယ်….
၈) လက်လွတ်ခံဖို့ပြင်ဆင်ထားပါ…
—————————————————————-
ကျွန်တော်တို့ထဲက
လူနည်းစုဟာ ငြင်းပယ်ဖို့ ခက်ခဲတတ်ကြပါတယ်… ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့တွေဟာ အခွင့်အရေးတစ်ခု လက်လွတ်သွားမှာကို မလိုလားကြလို့ပါပဲ…
အမြဲတမ်းငြင်းပယ်နေမယ်ဆိုရင်လည်း အခွင့်အရေးဆုံးရှုံးဖို့
ဦးတည်နေပါလိမ့်မယ်… ဒါပေမဲ့ ဒါဟာ
ဆုံးရှုံးသွားတဲ့အခွင့်အရေးတစ်ခုတည်းမဟုတ်ပါဘူး… ဒါဟာ ဖလှယ်မှုတစ်ခုပါပဲ…
တောင်းဆိုမှုကို ငြင်းပယ်လိုက်တဲ့အချိန်မှာ ဒီတောင်းဆိုကမ်းလှမ်းချက်ထက်
အရေးကြီးတဲ့ အရာတစ်ခုကို သင်တစ်ပြိုက်နက်ထဲ လက်ခံနေရပါလားဆိုတာကို
ကိုယ့်ကိုယ်အမှတ်ရစေသင့်ပါတယ်… တောင်းဆိုချက်ကို
လက်ခံလို့ရမယ့်အခွင့်အရေးနဲ့ ငြင်းပယ်လို့ရမယ့်
အခွင့်အရေးနှစ်ခုရှိတဲ့သဘောပါပဲ… သင်က တစ်ခုမဟုတ်တစ်ကို
ရွေးချယ်လိုက်ဖို့ပဲလိုပါတယ်….
၉) သင့်သတ္တိကိုမွေးမြူပါ…
—————————————————————-
သင်ဟာ
အမြဲတမ်းခေါင်းငြိမ့်လက်ခံတတ်တဲ့သူတစ်ဦးဆိုရင် ငြင်းပယ်ဖို့
သတ္တိလိုပါလိမ့်မယ်… အထူးသဖြင့် သင့်ကိုတောင်းဆိုတဲ့သူဟာ
အလွယ်တကူအလျှော့မပေးတဲ့အခါမျိုးမှာပါ… သင့်ကိုယ်သင် မိတ်ဆွေကောင်း မပီသ
သလို ခံစားရမယ်… သင်ဟာ တစ်စုံတစ်ယောက်ကို ပြိုလဲအောင်လုပ်မိသလို…
မျှော်လင့်ချက်တွေ ချိုးဖျက်မိသလိုမျိုးလည်း ခံစားရပါလိမ့်မယ်… သင့်ကို
မကောင်းတဲ့ အမြင်နဲ့ ရှုမြင်ရှုတ်ချပြောဆိုနေတယ်လို့လည်း
ထင်ကောင်းထင်နေမိပါလိမ့်မယ်.. ဒီအချက်တွေဟာ သင့်ဘဝကို
သင်ပြန်လည်ဆည်ယူနိုင်ဖို့ ပေးဆပ်ရတဲ့တန်ဖိုးတွေပါပဲ… ဒါတွေကို ရင်ဆိုင်ဖို့
သင်သတ္တိမွေးရပါမယ်…
Credit: နှိုင်းရင့်နွေ
No comments:
Post a Comment