လူဦးရေအများစုဟာ လူတစိမ်းနဲ့ တွေ့ရမှာကြောက်တယ်။ မတွေ့ဘဲ ရှောင်ပြီးနေလို့ရရင်
နေချင်ကြတယ်။ မလွဲသာလို့ အသိမိတ်ဆွေအိမ်တွေမှာ လူတစိမ်းနဲ့ဆုံမိရင်
ခက်တော့တာပဲ။ စကားပြောရမှာရှက်တယ်။ သူတို့ပြောတာ ပျင်းစရာ
ငြီးငွေ့စရာကြီးများဖြစ်နေမလားလို့
တွေးပြီးကြောက်တာလည်း ပါတာပေါ့။
တကယ်ကတော့ ဘာမှ ကြောက်စရာ ရှက်စရာမရှိဘူး။ လူလူချင်းပဲဆိုပြီး သတိနည်းနည်း
ထားပြီးပြောရင်ကြောက်နေတာတွေဟာ ဘာမှ အခြေအမြစ်ရှိတာတွေမဟုတ်လို့ ပျောက်
ကုန်တာပဲ။ ထိုင်ဝိုင်းမှာပြောတာဟာ ဘယ်လိုပြောရမယ်ဆိုတာ သဘောပေါက်ထားရင် မခက်ပါဘူး။
ရှေ့ဦးဆုံး ဘယ်လိုအကြောင်းအရာတွေပြောမယ်ဆိုတာ အသင့်ရှိထားဖို့တော့လိုတယ်။
လူတွေဟာ
အချင်းချင်းတွေ့ကြတဲ့အခါ ဟိုသင်း ဒီသင်းကလေးက စပြောတာပဲ။
အကြောင်းအရာမျိုးစုံ အများကြီးသိ၊ သွက်သွက်လက်လက် အများကြီးပြောတတ်သူတွေဟာ
တစ်ခါတလေ အဲဒီလို ထိုင်ဝိုင်းမှာ ဘာကစပြောရမှန်း မသိဘူး။ သေးသေးဖွဲဖွဲ
သူတို့မပြော တတ်ဘူး၊ ရောရောနှောနှောလည်း မပြောတတ်ဘူး။ တကယ်ကတော့လည်း
ဒီလိုပြောဖို့ဆိုတာ ဘာမှခက်တာ မဟုတ်ပါဘူး။
ထိုင်ဝိုင်းမှာ
အပြောကောင်းတယ်၊ နားထောင်ချင်စဖွယ်ဖြစ်အောင် ပြောတတ်တယ်ဆိုတာ
စပ်မိစပ်ရာ
ရယ်စရာ မောစရာ အဖြစ်အပျက် အတွေ့အကြုံကလေးများ၊ ကလေးများအကြောင်း၊
ကြောင်ကလေး၊ ခွေးကလေးများအကြောင်း၊ ၀ါသနာပါတဲ့ အားကစား၊ ပန်းဥယျာဉ်စိုက်တာ၊ ရုပ်ရှင်၊ သတင်း၊ ရာသီဥတု စတဲ့ အကြောင်းအရာတွေက စတာပဲ။
ဧည့်ခံပွဲတစ်ခုခု၊ အလှူမင်္ဂလာဆောင် တစ်ခုခုမှာ တစ်ခါမှ မတွေ့ဘူးတဲ့ လူစိမ်းတစ်ယောက်
ယောက်နဲ့
တွေ့တဲ့အခါ အဲဒီအကြာင်းအရာတွေကို တစ်ခါတည်းစလို့ မဖြစ်သေးဘူး။
အကဲခတ်ရဦးမယ်။
ဒီလိုနဲ့စုထိုင်နေသူတွေထဲကတစ်ယောက်ယောက်ကတစ်ခုခုစလာတာပဲ။”ဒီမိုးကတော့စပါးကောင်းမယ့်မိုးပဲ၊
ဒီမိုးကတော့ စပါးဖျက်လိမ့်မယ်ထင်တယ်၊
ဒီပန်းချီကားဟာရှေးလက်ရာပဲ၊ ဆရာခြုံတို့ ရေးတဲ့ဟန်မျိုး ” စသည်ဖြင့်
စလာလိမ့်မယ်။
အသေးအဖွဲကလေးကတစ်ဆင့်တက်ပြီး
တခြားစိတ်ဝင်စရာကောင်းတာတွေကို ဆက်မပြော တတ်သူကတော့
ပျင်းစရာအဖော်တစ်ယောက်ပဲ။ အဲဒီဝိုင်းမှာ ပြောကြဆိုကြတာတွေဟာ
ကိုယ်ကောင်းကောင်းသိတာ၊ ၀င်ပြောနိုင် ရောနိုင်တာတွေလည်းပါမယ်၊ ဘာမှမသိတာတွေ
လည်း ဖြစ်နိုင်တယ်။ မသိတာဆိုရင်တော့ စိတ်ဝင်တစား ကောင်းကောင်းဂရုစိုက်ပြီး
နားထောင်ပေါ့။ ကိုယ်သိတာဆိုရာမှာလည်း စာအုပ်ထဲက
ဖတ်ထားမှတ်ထားတာမျိုးရယ်လို့ မဟုတ်ပါဘူး။
ကိုယ့်အတွေ့အကြုံ
ကိုယ့်ကြားဖူးနားဝများဟာ အကောင်းဆုံး ပြောစရာတွေပါပဲ။ကိုယ့်အလုပ်အကိုင်၊
ကိုယ်ဝါသနာပါလို့အားတဲ့အချိန်မှာလုပ်နေတာ၊ကိုယ်နေတဲ့အရပ်အကြောင်းဟာကိုယ်သေသေချာချာ ပြောနိုင်တဲ့ အကြောင်းအရာတွေပေါ့။ကိုယ့်အကြောင်းတော့လည်း ရှေ့တန်းသိပ်မတင်နဲ့၊ တတ်နိုင်သလောက်ချန်ပါ။
ကိုယ်မသိတဲ့အကြောင်းအရာကို
ပြောကြပြီဆိုရင် သိနိုင်ဖို့ အခွင့်အရေးရတာပဲဆိုပြီး ” ကျနော်ကတော့
ဒီအကြောင်း ဘာမှ ကောင်းကောင်းမသိဘူးဗျ၊ ပြောပါဦး ” ဆိုပြီး မှတ်ပါ။
မသိတာမေးပါ။ ကိုယ်တကယ်စိတ်ဝင်စားတယ်ဆိုတာ တစ်ဖက်သား သိပါစေ။
မသိလို့မေးတာဟာ
ထိုင်ဝိုင်းမှာ အကောင်းဆုံး စကားပြောသူ ဖြစ်နိုင်ပါတယ်။ ကိုယ်မသိတာကို
တစ်ဖက်သား ပြောချင်လာအောင် တိုက်တွန်း မေတ္တာရပ်ရပါမယ်။ချိတ်ထားတဲ့
ပန်းချီကားအကြောင်း ကိုယ်ကစလိုက်တာကြောင့် ” သူ့နေရာနဲ့သူ
ဆေးတွေပေါင်းစပ်သုံးတာကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ မိုးတိမ်တွေ
ရေးခြယ်ထားတာကတော့
ဒိထက်ကောင်းနိုင်သေးတယ် ” ဆိုတဲ့ ကျွမ်းကျင်သူရဲ့ မှတ်ချက်မျိုးကို
ကြားသိခွင့် ရနိုင်ပါတယ်။ အဲဒီမှာ ပန်းချီနဲ့ ပတ်သက်ပြီး ကိုယ်သိချင်တာများ
ဆက်မေးချင်တာရှိရင် ဆက်မေးနိုင်ပါတယ်။
ဒီလို
ထိုင်ဝိုင်းမှာ ပြောကြတာဟာ အများစိတ်ဝင်စားတဲ့ အထွေထွေ အကြောင်းအရာမျိုး
သာဖြစ်ဖို့ ကောင်းတယ်။ဘာသာရေး၊
နိုင်ငံရေးသဘောကွဲလွဲမှုမျိုးတွေဖြစ်ပြီးဒေါသထွက်ကြတဲ့အထိ
ငြင်းခုန်တာမျိုးမဖြစ်အောင် သတိထားရလိမ့်မယ်။သတင်းစာထဲမှာနောက်ဆုံးပါတဲ့အကြောင်းအရာမျိုးစကားစမိကြရင်လည်း ကောင်းပါတယ်။
ဒီလိုဆိုတော့ ကိုယ်တိုင် သတင်းစာမှန်မှန် ဖတ်ထားဖို့လိုတယ်။ တကယ်လို့
ကိုယ်မသိတဲ့အကြောင်းအရာ ဆိုရင်လည်း ” အဲဒါတော့ ကျနော်မဖတ်မိလိုက်လို့
ပြောပြပါဦး ” ပေါ့။
ကိုယ့်မှာ ပြောစရာအကြောင်းအရာတွေတော့ ရှိတယ်၊ ဒါပေမဲ့ ရှက်တတ်သူမို့ ဘာမှမပြောရဲ မပြောတတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ရှက်တတ်တာဟာ
အခြေခံအားဖြင့် ကိုယ့်ကိုသူများက အထင်သေးမှာ၊ အသူ နသူ ညံ့သူလို့ ထင်မှာ၊
ကိုယ့်ကိုယ်ကိုယ် တစ်နည်းမဟုတ်တစ်နည်း သူများထက် အဆင့်နိမ့်တယ်၊
ညံ့နေတယ်လို့ ထင်မြင်ယူဆတာတွေကြောင့် ဖြစ်နေတာပဲ။
ရှက်တတ်တာကို
ပျောက်ဖို့ကတော့ နည်းမျိုးစုံရှာပြီး ကိုယ့်ကိုယ်ကိုယ် မေ့ထားဖို့ပဲ။
ဒီလိုလုပ်ရတာ မလွယ်ဘူး။ ဒါပေမယ့် တစ်စတစ်စ
လုပ်ယူရမှာပဲ။ကိုယ့်အပေါင်းအသင်းတွေပေါ် ပိုပြီး စူးစူးစိုက်စိုက်
ဂရုစိုက်မိအောင် ကြိုးစားပါ။ သူတို့က ကိုယ့်ပေါ် အထင်အမြင်ကောင်းလာအောင်
ကြိုးစားမနေတော့ဘဲ သူတို့က ကိုယ့်ကိုယ် သူတို့အပေါ် အထင်အမြင်ကောင်းအောင်
ချဉ်းကပ်နေတယ်လို့ ယုံကြည်ယူဆ လိုက်ပါ။ သူတို့ဟာလည်း ကိုယ့်လိုပဲ
သူများတွေက တို့ကိုဘယ်လို ထင်မြင်ယူကြမလဲဆိုတာ သိချင်နေသူတွေ ဖြစ်ပါတယ်။ငြီးငွေ့စရာ
စကားကြောရှည်သူ ဖြစ်မနေဖို့တော့ အများကြီး သတိပြုရမယ်။ လူတိုင်းပဲ
ကိုယ်ပြောနေတာတွေဟာ ပျင်းစရာကြီး၊ အကားအချိန်ဖြုန်းနေ တာပဲလို့ ထင်မှာတော့
စိုးတယ်။ ဘာမှမပြောဘဲ နားထောင်နေသူတွေလည်း ရှိတယ်။
တချို့က သူများပြောတာ
ပြုံးပြီး နားထောင်နေတာပဲ။တစ်ဦးပြောတာပြုံးပြီးနားထောင် လိုက်၊ နောက်
တစ်ဦးပြောတော့လည်း အဲဒီဘက်လှည့်ပြုံးပြီး နားထောင်လိုက်၊
တတိယလူပြောတော့လည်း ပြုံးပြီး နားထောင်လိုက်တာပဲ။ သူကိုယ်တိုင်
နည်းနည်းပါးပါး ၀င်ဆွေးနွေးတော့ စောစောက သူများတွေ ပြောကြဆိုကြတာတွေကို
သူဘာမှ နားမလည်ဘူးဆိုတာ တွေ့နေရတယ်။ ဒီလိုဆိုတော့လည်း
ဘယ်အကျိုးရှိမလဲ။ကိုယ့်သောကတွေ ဒုက္ခတွေအကြောင်း ဘာမှမပြောပါနဲ့။
သူများတွေက
သူတို့ပြဿနာတွေကိုပြောပြရင်တော့ ကြင်ကြင်နာနာ နားထောင်ပါ။ ” ကျနော့်အဖြစ်က
ခင်ဗျားထက် ဆိုးတာပေါ့ ” လို့ မလုပ်ပါနဲ့။ ကိုယ့်အတွေ့အကြုံ၊ ကိုယ့်ဗဟုသုတ
များကို ပြောရင်လည်း တတ်နိုင်သလောက် “ငါ” မပါပါစေနဲ့။ သူများပြောတာတွေကို
စိတ်ဝင် တစား သေသေချာချာ ဂရုတစိုက် နားထောင်ရပါမယ်။တချို့ကတော့ ဒီလို ခဏ
တွေ့ဆုံကြတဲ့ ပွဲမျိုးမှာလည်း ဟောပြောပွဲတစ်ခု မှာ ပြောသလိုပြောကြတယ်။
ပြောစရာ သူတို့မှာ ရှိနေတတ် ပါတယ်။ ဒါပေမဲ့ ဒီနေရာကတော့ ဒီလိုပြော ရမယ့်
နေရာမဟုတ်ဘူး။
ဒါကြောင့် ဒီနေရာမှာ
သူများပြောတာ နားထောင်နေတာပဲဆိုတဲ့လူနဲ့ အဆိုအပြောကောင်းသူတို့
၂-မျိုးကြားထဲက ခရီးသွားဖို့လိုတယ်လို့ ဆိုချင်ပါတယ်။ကိုယ်က
ရယ်စရာ မောစရာပြောတတ်သူ၊ ဟာသပေါသူဖြစ်ရင်လည်း တစ်ချက်တလေ သူ့နေရာနဲ့သူ
အကွက်ဆိုက်ရင် ၀င်ပြောပေါ့။ ခဏခဏ ကိုယ်ပြောတတ်တိုင်း ၀င်ပြောနေရင်လည်း
မကောင်းဘူး။ တမင်အကြာကြီး လုပ်နေတာလည်း မမှန်ဘူး။ အများပြောနေကြတဲ့
အကြောင်းအရာ လမ်းကြောင်း ပျောက်သွား၊ပြောင်းသွားရင်လည်း မကောင်းဘူး။
ဒါကြောင့်မို့လို့ ၀င်သင့်မှ ၀င်ပါ။ ကိုယ်တတ်တယ် တော်တယ်ဆိုတာ ပြဖို့တော့
ဘယ်တော့မှ မ၀င်ပါနဲ့၊ ချိုထားပြီး ကျေနပ်ပါ။
တချို့က အတင်းလုလုပြီး ၀င်ပြောတတ်ကြတယ်။ တချို့ကတော့ နှောက်ယှက်သလို လုပ်တတ်ကြတယ်။ ဒါတွေဟာ အကျိုးမများတဲ့ ချို့ယွင်းချက်တွေပဲ။စကားဝိုင်းတွေမှာ
တကယ်စိတ်ဝင်စားရင်တော့ အကျိုးများပါတယ်။ အကြောင်းအရာများဟာ တကယ်စိတ်ဝင်စား
စရာကောင်းတယ်၊ ဒီလိုပုဂ္ဂိုလ်တွေနဲ့ ဒီလိုတွေ့ဆုံပြီး စကားပြောခွင့်ရတာ
ကိုယ့်အတွက် အကျိုးများတာမှန်ရင် မှန်သလောက် အဲဒီစကားဝိုင်းမှာ ထုတ်ပြောပါ။
စိတ်အားထက်သန်မှုဟာ ဓာတ်ကူးတတ်လို့ အားလုံးအတွက် အကျိုးများပါတယ်။
ကြည်လင်သာယာတဲ့
အသံများ ရှိနေအောင်လည်း လေ့ကျင့်ပါ။
ထိုင်ဝိုင်းမှာပဲဖြစ်ဖြစ်၊ ဟောပြော
ပွဲမှာပဲဖြစ်ဖြစ် အသံဟာ အရေးကြီးပါတယ်။ သိပ်မအော်ရ၊ မဟစ်ရဘဲ နိမ့်စေ
မြင့်စေပြီး စကားလုံးများ ပီပီသသ ရှိရမယ်ပေါ့။ ကိုယ့်စိတ်ထဲမှာ
အပြောအဟောကောင်းသူ ထိုင်ဝိုင်းအပြောကောင်းသူလို့ထင်သူများ ပြောတာ ဟောတာကို
နားထောင်ပြီး ဘယ်နေရာတော့ ဘယ်လိုကောင်းတယ်၊ ဘယ်နေရာမှာ ဘယ်လိုဆိုရင်
ပိုကောင်းမယ် စသဖြင့် ဝေဖန်လေ့လာရင် အကျိုးများပါလိမ့်မယ်။ တိုက်ရိုက်ကြီး
ကူးယူဖို့တော့ မကြိုးစားပါနဲ့။
ကိုယ့်မူနဲ့ကိုယ်ဟာ အကောင်းဆုံးပါ။စာအများကြီးဖတ်ဖို့လိုပါတယ်။ဖတ်ထားတာတွေထဲက ပြောစရာတွေ ရသလောက် ရနိုင်ပါတယ်။ အတုံးလိုက်
အတစ်လိုက် သုံးလို့တော့လည်း မဖြစ်ဘူး။ အမှတ်မထင် တစ်ခါတလေ နည်းနည်းပါးပါးသာ
သုံးသင့်ပါတယ်။ ဒီလို ထိုင်ဝိုင်းမှာ ကိုယ်ဖတ်ထားတဲ့ ၀တ္ထုရှည်ကြီးရဲ့
ဇာတ်လမ်းအတို ပြန်ပြောနေတာမျိုးကို ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။
အခါအားလျော်စွာ တွေ့ဆုံသူများနဲ့ အခက်အခဲမရှိ သဘာဝကျကျ၊ လွယ်လွယ်ကူကူ၊
ချောချောမောမော၊ ဟန်ကျပန်ကျ စကားစမြည်ပြောနိုင်တာဟာ အင်မတန် အဖိုးတန်တဲ့
စွမ်းရည်ပါ။ ဒီအရည်အချင်းကြောင့် တစ်သက်လုံး စွဲစွဲမြဲမြဲ
ပေါင်းသင်းနိုင်တဲ့ မိတ်ဆွေကောင်းများ ရနိုင်ပါတယ်။ နေ့စဉ်လုပ်ရတဲ့
အလုပ်အကိုင်များအတွက်လည်း အထောက်အကူ ဖြစ်နိုင်ပါတယ်။
ဒီကနေ့ လူလောကမှာ
နေ့စဉ် လူပေါင်းများစွာနဲ့ တွေ့ထိဆက်ဆံကြရပါတယ်။
ဒီတော့ မျက်နှာချင်းဆိုင်
တွေ့ဆုံစကားပြောရာ၊တယ်လီဖုန်းနဲ့ ပြောရာမှာ ထိထိမိမိ ရှိဖို့လိုပါတယ်။
တချို့က ဒီလိုပြောတတ်တာဟာ အတတ်ပညာတစ်ရပ်ပဲလို့တောင် ဆိုကြတယ်။ ဆိုလည်း
ဆိုရလိမ့်မယ်။ သတိရှိရှိနဲ့ ဆည်းပူးမှတ်သား လေ့ကျင့်မှပဲ
တိုးတက်နိုင်ပါတယ်။” နေ့တိုင်းပြောနေကြပြီး မတတ်တာဟာ စကား ” လို့ ရှေးလူကြီးသူမ ပြောခဲ့တာကို သတိပြုပါ။ စကားအရာဟာ မကုန်နိုင်ပါဘူး။
Credit: လူထုဦးလှ
No comments:
Post a Comment